ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုစီမံကိန်းလုပ်ငန်းခွင်နှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများသို့ ကြည့်ရှုစစ်ဆေး

( ၇ - ၉ - ၂၀၂၂ )

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တို့နှင့် တာဝန်ရှိသူများ လိုက်ပါလျက်   ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းရှိ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းခွင်နေရာများကို နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးပြီး၊ မွန်းလွဲပိုင်းတွင် တောင်ကြီးဘူတာ၊ ခရီးသည်နားနေဆောင်၌ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာဝန်ရှိသူများလိုက်ပါလျက်  တောင်ကြီးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါခဲ့ပြီး ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း၊ ပေါမူဘူတာရှိ ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး၊ စီမံကိန်းနှင့်စပ်လျဉ်း၍ လမ်းပိုင်း အသီးသီးအလိုက် တာဝန်ယူဆောင်ရွက်နေမှု အခြေ အနေများ၊ လုပ်ကွက်အလိုက် မြေကြီးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ယာဉ်/ယန္တရား အသုံးပြုမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ထီးသိမ်ဘူတာအနီး ထည့်သွင်း တည်ဆောက်မည့် အဝိုင်းပတ် ရထားလမ်းတည်ဆောက်နေမှု အခြေအနေများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလများအတိုင်း ပြီးစီးရေး အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်ကြရန်၊ တောင်ပေါ်လမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် လုပ်ငန်းခွင်နေရာအချို့သည် တူးမြေ၊ ဖို့မြေ ပမာဏ များပြားစွာ လုပ်ကိုင်နေရခြင်းဖြစ်၍ လူနှင့် ယာဉ်/ယန္တရားများ ဘေးအန္တရာယ် ကင်းစေရေး ဂရုပြု ဆောင်ရွက်ကြရန်၊ တာပေါင် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးသည်နှင့် ကျောက်ဖြည့်တင်းခြင်း၊ ကွန်ကရစ်ဇလီဖားခင်းခြင်း၊ သံလမ်းခင်းခြင်းစသည့် လုပ်ငန်းများကိုလည်း ဆက်တိုက် ဆောင်ရွက်နိုင်ရန် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရထားလမ်း စီမံကိန်း လမ်းအူကြောင်းတစ်လျှောက် လှည့်လည် ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေ့လယ်ပိုင်းတွင် မြန်မာ့မီးရထား၊ တောင်ကြီး ဘူတာရှိ ခရီးသည်များ နားနေဆောင်တွင် တောင်ကြီးမြို့၌ တာဝန်ထမ်းဆောင်လျှက်ရှိကြသော ဝန်ကြီးဌာန အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား တွေ့ဆုံပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် ချမှတ် အကောင်အထည်ဖော်နေမှု အခြေ အနေများကို ရှင်းပြပြီးနောက် ဌာနတိုင်း ဝန်ထမ်းလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် အဆောက်အဦ များ လုံခြုံရေးတို့ကို အစဉ်သတိပြုဆောင်ရွက်ကြရေး၊ နိုင်ငံတော်အတွက် အခွန်ငွေနှင့် ဝင်ငွေများ တိုးတက် ရှာဖွေ စွမ်းဆောင်ကြရေး၊ ဌာနပိုင်မြေများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးကို တတ်နိုင် သလောက် ဆောင်ရွက်ခြင်းဖြင့် သက်သာချောင်ချိမှု ရှိလာစေရေး၊ မိမိဌာန၏ ရည်မှန်းချက်၊ လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ကြိုးပမ်းထမ်းဆောင်ကြရေး၊ ဝန်ထမ်းများ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်းသစ္စာဓိဌာန် (၆)ချက်တို့နှင့်အညီ လိုက်နာ ကျင့်ကြံ တာဝန် ထမ်းဆောင်ကြရေး၊ ကိုဗစ်(၁၉) ကူးစက်ရောဂါအန္တရာယ်ကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော သတ်မှတ် စည်းမျဉ်း စည်းကမ်းများ အတိုင်း လိုက်နာကြရေး တို့ကို မှာကြားခဲ့ပြီး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာသို့  အမှတ် (၁၅၄)အစုန် လူစီးရထားဖြင့် လိုက်ပါကြမည့် ဒေသခံခရီးသည်များကို ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွါခဲ့ပြီး ဟဲဟိုး လေဆိပ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ဟဲဟိုးလေဆိပ် ဧည့်ခန်းမ တွင် လေဆိပ်တာဝန်ခံက ဟဲဟိုးလေဆိပ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် အနာဂတ် ဆောင်ရွက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လေဆိပ် အဆောက် အဦနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သန့်ရှင်း သပ်ရပ်မှုရှိရေး၊ ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ် ထားသည့် Covid-19 စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာစေရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန