ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ စစ်ဆေး

နေပြည်တော်၊ ၁၆-၁၁-၂၀၂၂ ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ နေ့လယ် (၀၂:၀၀)နာရီတွင် နေပြည်တော်၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၊ ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi Hazard Early Warning Centre) အဆောက်အဦရှိ မိုးလေဝသဌာနခွဲ၊ ခန့်မှန်းရေးဌာနစုနှင့် စတူဒီယိုဌာနစုတို့သို့ ရောက်ရှိ၍ မိုးလေဝသ သတင်းထုတ်ပြန်မှု အခြေအနေများနှင့် သတင်းရိုက်ကူးရေးဆောင်ရွက်နေမှု အခြေအနေများကို  ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးက မိုးလေဝသဌာနခွဲ၊ ခန့်မှန်းရေးဌာနစုတွင် မိုးလေဝသ သတင်းထုတ်ပြန်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကျော်မိုးဦးက မိုးလေဝသသတင်းများ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက ခန့်မှန်းချက်များ တိကျ မှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ တိုင်းထွာချက်မှတ်တမ်းများကို စနစ်တကျထားရှိရေး၊ အသုံးပြုနေသည့် စက်ကိရိယာများ၏ စွမ်းဆောင်နိုင်မှု စွမ်းအားပြည့်ရရှိရန် သတ်မှတ်ထားသည့်လုပ်ငန်းများကို မပျက်မကွက် ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရေး၊ စက်ပစ္စည်းများ ချို့ယွင်းမှုရှိပါက အချိန်နှင့် တစ်ပြေးညီ ပြုပြင်နိုင်ရေးနှင့် ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး စတူဒီယိုဌာနစုသို့ သွားရောက်၍ မိုးလေဝသ သတင်းရိုက်ကူးရေး ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန