ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဝန်ကြီးဌာန မိုးရာသီ ဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဇွန်လ (၂၆) ရက်

၁။       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရေး” ကို ရည်မှန်းချက်ထားရှိ၍ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲများကို  ဇွန်လ (၂၀)ရက်နေ့မှ စတင် ကျင်းပလျက် ရှိရာ ၂၆-၆-၂၀၂၂ ရက်နေ့၊ နေ့လယ်ပိုင်းတွင် အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိကွင်း အတွင်းရှိ အားကစားရုံ(C)၌ လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး ဘော်လီဘော ဗိုလ်လုပွဲများကို အားကစားရုံ(B)၌ လည်းကောင်း အသီးသီး ကျင်းပခဲ့ပါသည်။

၂။       အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဇနီး များ၊ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက် အားပေးခဲ့ကြပါသည်။

၃။       ပြိုင်ပွဲများ အပြီး ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ၌ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခင်က အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၊ အာရှအဆင့် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်ကာ ဆုတဆိပ်များ ရရှိ အောင်မြင်ခဲ့သည့် ဝန်ထမ်းများကို မွေးထုတ်ပေးနိုင်ခဲ့သော သမိုင်းအစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ဤအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသွားရန် လိုကြောင်း၊ ဝန်ကြီးဌာနနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ များနှင့်  တာဝန်ရှိသူ အဆင့်ဆင့်မှ စဉ်ဆက်မပြတ် အားပေး ဆောင်ရွက်ကြဘို့ တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် အမျိုးသား ဘော်လီ​ဘော ပြိုင်ပွဲများတွင် ဆုရရှိသော အသင်းများအား ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး များကလည်းကောင်း၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ပြည်ထောင်စုဝန်ကြီး၏ ဇနီးနှင့် ဒုတိယဝန်ကြီးများ၏ ဇနီးများကလည်းကောင်း အသီးသီး ဆုများ ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

၄။       ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်းများမှ အမျိုးသား ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲသို့ အသင်း(၁၉)သင်း၊ အမျိုးသား ဘော်လီဘော ပြိုင်ပွဲသို့ အသင်း(၁၁)သင်း၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲသို့ အသင်း(၄)သင်း၊  စုစုပေါင်း အားကစားသမား (၃၈၉)ဦးတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမျိုးသား စားပွဲတင်တင်းနစ် နှင့် ဘောလုံး ပြိုင်ပွဲများကိုလည်း ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း နှင့် ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းအင်အား (၇၀၀)ကျော် တက်ရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။