ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ပို့ဆောင်ရေး)မှ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ ကြည့်ရှု စစ်ဆေးခြင်း

၁၅-၈-၂၀၂၂၊ ရန်ကုန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများ လိုက်ပါလျှက်  မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) သို့ ၁၅-၈-၂၀၂၂ ရက် နံနက် (၀၈:၃၀) အချိန်တွင် ရောက်ရှိခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ/ဌာနမှူးများ၊ မော်ကွန်းထိန်းများနှင့် ဌာနခွဲမှူးများက ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ပါမောက္ခချုပ်ရုံး အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က အကြီးအကဲများ လမ်းညွှန်ထားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊  ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်  ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရောက်မှု အခြေအနေ၊ စာမေးပွဲဖြေဆိုပြီးစီးမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စရပ်များကို တာဝန်ရှိသူ အဆင့်ဆင့်မှ အနီးကပ် ကြီးကြပ်သွားရန်၊ ဆရာ/ဆရာမများ အနေဖြင့်  ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် သင်ကြားရေးတာဝန်များကို အောင်မြင်စွာ သင်ကြားပို့ချနိုင်ရေး အထူး အလေးထား ဆောင်ရွက်သွားကြရန်၊ လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စရပ်များကိုလည်း အစဉ်အမြဲ သတိပြု နေထိုင်သွားကြရန် မှာကြားခဲ့ပြီး ဆရာ/ဆရာမ များနှင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ  စာကြည့်တိုက်အသစ် ပြောင်းရွှေ့ ထားမှု၊ Motivation Room ဆောင်ရွက်နေမှု၊  ပထမနှစ် ကျောင်းသားများအား ရေကူးသင်ကြားပေးနေမှု၊ ကျောင်းသား/ကျောင်းသူများအတွက် Fitness Centre ပြင်ဆင်ထားရှိမှု၊  Laboratory အခန်းများပြင်ဆင်ထားမှု၊ အလုပ်ရုံနှင့် Towing Tank အဆောင်များတွင် လုပ်ငန်းဆောင်ရွက်နေမှု၊  ဘောလုံးကွင်း အကြီးစား တည်ဆောက်နေမှု၊ တက္ကသိုလ်ဝင်းအတွင်းရှိ ပလက်ဖောင်း ခင်းကျင်း နေမှုနှင့် ကျောင်းသား/သူ များအတွက်  အဆောင် တည်ဆောက်မည့် နေရာများ၏ အခြေအနေများကို စစ်ဆေး ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ  မှာကြားခဲ့ပါသည်။