ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ရန်ကုန်-မန္တလေး-နိုဗိုဆီဘရစ် ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားသို့ တက်ရောက်

ရန်ကုန် စက်တင်ဘာလ ၅ ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ရန်ကုန်-မန္တလေး-နိုဗိုဆီဘရစ် ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) တက်ရောက်ခဲ့ပြီး ဂုဏ်ပြုအမှာစကား  ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အမှာစကား ပြောကြားရာတွင် မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် နှစ်နိုင်ငံအကြား အပြန်အလှန်လေကြောင်းကွန်ရက် ချိတ်ဆက်မှုကို ဆောင်ရွက်နိုင်ရေးအတွက် လေကြောင်းပို့ဆောင်ရေး သဘောတူညီချက်တစ်ရပ်ကို ၁၉၇၀ ခုနှစ်ကတည်းက လက်မှတ်ရေးထိုး ခဲ့ကြပြီး လေကြောင်းပို့ဆောင်ရေး သဘောတူညီချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Aeroflot လေကြောင်းလိုင်းက ရန်ကုန်-မော်စကို အသွားအပြန် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ၁၉၇၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပျံသန်းခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-မန္တလေး-နိုဗိုဆီဘရစ် တိုက်ရိုက်ခရီးစဉ် ဖွင့်လှစ် ပျံသန်းခြင်းဖြင့် နှစ်နိုင်ငံအကြား လေကြောင်းကွန်ရက် ချိတ်ဆက်မှုကို ပြန်လည်သက်ဝင်စေတော့မည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းက စတင်ပျံသန်းသည့် လေကြောင်းခရီးစဉ်သစ်သည် မြန်မာနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများတွင် ပဓာနကျသည့် ရှေ့ခြေလှမ်းသစ်တစ်ရပ် ဖြစ်ကြောင်း၊ မြန်မာ-ရုရှားလေကြောင်း ကွန်ရက် ချိတ်ဆက်မှုကတစ်ဆင့် နှစ်နိုင်ငံအကြား အဓိက ကျသော ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ပိုမို ဖွံ့ဖြိုး မြင့်မားလာနိုင်ပြီး ကဏ္ဍအားလုံးတွင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည် ဖြစ်သဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအထောက်အကူပြုမည်ကို ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Pavel Klapukov၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အရာထမ်းများ/အမှုထမ်းများ၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Yangon Aerodrome Company Limited မှ CEO နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ တက်ရောက်ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းအနေဖြင့် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးမြို့များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နိုဗိုဆီဘရစ်မြို့အကြား တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်လျှင် (၂) ကြိမ် (အင်္ဂါနေ့နှင့် စနေနေ့တွင်) ပုံမှန်ပျံသန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။