ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထား၊ ယန္တရားအလုပ်ရုံ(မလွှကုန်း) ကို ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းကြည့်ရှုစစ်ဆေး

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်

            ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ  မြန်မာ့မီးရထား၊ ယန္တရားအလုပ်ရုံ(မလွှကုန်း) သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် နံနက်ပိုင်းတွင် မြန်မာ့ မီးရထား၊ ယန္တရားအလုပ်ရုံ (မလွှကုန်း)သို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ၎င်းနောက် မြန်မာ့မီးရထား၊ အထွေထွေမန်နေဂျာ (မြို့ပြ)နှင့် အလုပ်ရုံ အင်ဂျင်နီယာမှူးတို့က ရှင်းလင်းဆောင်တွင် အလုပ်ရုံ၏ ရထားသံလမ်း လုပ်ငန်းသုံး ပစ္စည်းများနှင့် လက်သုံးကိရိယာ ပစ္စည်းများ ထုတ်လုပ်နိုင်မှု အခြေအနေ၊ ရထားလမ်း ပြုပြင် မွမ်းမံမှု လုပ်ငန်းများတွင် အသုံးပြုနေသည့် အင်ဂျင်နီယာသုံး စက်ပစ္စည်းများအား ပြုပြင် ထိန်းသိမ်းနိုင်မှု အခြေအနေ၊ ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုလျှက်ရှိသော ဌာနပိုင် စက်ယန္တရားများ၏ အခြေအနေနှင့် မြန်မာ့မီးရထား၊ တိုင်းနယ်မြေအလိုက် စက်ယန္တရားများ ဖြန့်ခွဲ ချထားမှု အခြေအနေ၊ မွမ်းမံ ထိန်းသိမ်းမှု ဆောင်ရွက်နေသည့် အခြေအနေတို့ကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်း တင်ပြခဲ့ပါသည်။

             ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ အလုပ်ရုံမှ ထုတ်လုပ်နေသည့် ပစ္စည်းများကို အရည်အသွေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်များ၌ လိုအပ်ချက် ပမာဏကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရေး စီမံ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စက်ယန္တရားများကို သတ်မှတ်ထားသော မွမ်းမံ ထိန်းသိမ်းရေး လမ်းညွှန်ချက် (Maintenance Manual) များအတိုင်း ပုံမှန် စစ်ဆေး၊ မွမ်းမံ၊ ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား မပျက်မကွက် ဆောင်ရွက်ရန်နှင့် မှတ်တမ်းစာအုပ် (Log Book)များ စနစ်တကျ ထားရှိ၍ မှတ်တမ်းထားရှိရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်၌ ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံ (Safety Plan) များ၌ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း အမြဲမပြတ် ဂရုစိုက် လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စက်ယန္တရား ကိုင်တွယ် မောင်းနှင်ရသည့် ဝန်ထမ်းများနှင့် မွမ်းမံ ပြုပြင် ထိန်းသိမ်းရေး တာဝန်ရှိသည့် ဝန်ထမ်းများကို ကျွမ်းကျင်မှု ပြည့်ဝအောင် လေ့ကျင့် ပြုစု ပျိုးထောင်ပေးရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဝတ်စုံ၊ ပစ္စည်း (Safety Equipment) များကို ပြည့်စုံအောင် တပ်ဆင်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကိုဗစ် (၁၉) ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလုပ်ရုံမှ ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို  ပေးအပ်ခဲ့ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝယ်ယူရရှိထားပြီး ဖြစ်သည့် သံလမ်း ပြုပြင် ထိန်းသိမ်းရေး စက်ယန္တရားအသစ်များနှင့် သံလမ်း ပြုပြင်၊ မွမ်းမံရေး လုပ်ငန်းသုံး စက်ပစ္စည်းများကို ကြည့်ရှု စစ်ဆေးကာ စက်ယန္တရားများ၏ စွမ်းရည်ကို အပြည့်အဝ အသုံးချနိုင်ရေး၊ သက်တမ်းပြည့် ရေရှည် သုံးစွဲသွားနိုင်ရေး၊ သတ်မှတ်အချိန်များအတိုင်း အချိန်မှန် စက်နှိုး စမ်းသပ်မှု (Function Test) လုပ်ငန်း များအား မပျက်မကွက် ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန