ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း (၂၀၂၂) ခုနှစ်၊ ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်အောက်တိုဘာလ ( ၁၂ ) ရက်

၂၀၂၂ ခုနှစ် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် (၉:၃၀) နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အဖွင့်အမှာစကားပြောကြား ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် “ယနေ့ကျင်းပသည့် အခမ်းအနားသည် ကမ္ဘာ့ စာပို့တိုက်သမဂ္ဂ (Universal Postal Union-UPU)၏ (၁၄၈) နှစ်ပြည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တွင် အဖွဲ့ဝင် (၁၉၂) နိုင်ငံရှိပြီး ကမ္ဘာ့တစ်ဝှမ်းတွင် စာပို့တိုက် စခန်းပေါင်း (၆၀၀,၀၀၀) ကျော်ကို ချိတ်က်ပေးထားသည့် တစ်ခုတည်းသော ကမ္ဘာ့စာပို့တိုက်ကွန်ရက် အဖြစ် ရပ်တည်လျက် ရှိနေပါကြောင်း ဒီဂျစ်တယ်နည်းပညာနှင့် အိုင်စီတီနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေက ကမ္ဘာတစ်ဝှမ်းရှိ စာပို့တိုက်လုပ်ငန်းတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိကြောင်း၊ အိုင်စီတီနှင့် ဒီဂျစ်တယ်နည်းပညာတွေရဲ့ အကူအညီနဲ့ သမာရိုးကျ စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း (Traditional Post)မှ ခေတ်မီ စာပို့တိုက်ဝန်ဆောင်မှု (Postal Modernization)ကို ပြောင်းလဲနိုင်ခဲ့ပြီး ထပ်ဆောင်း ဝန်ဆောင်မှု (Value Added Services) ကို ဆောင်ရွက်ပေးနိုင်သည့်အတွက် စာပို့တိုက် လုပ်ငန်းများတွင် ဝင်ငွေများ တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ စက်မှုနည်းပညာ တိုးတက် ပြောင်းလဲလာမှုနဲ့အတူ သဘာဝ ဂေဟစနစ် ပျက်စီးလာမှုကို ကြုံတွေ့လာ၍ ယူပီယူမှ ယခုနှစ်တွင် ကမ္ဘာ့စာပို့တိုက်နေ့ ဆောင်ပုဒ်ကို “Post for Planet” “ကမ္ဘာမြေအတွက် စာပို့တိုက်” ကို ရွေးချယ်ထားပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အသိပေးဆောင်ရွက်နေတာကို ပြောကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စာတိုက်လုပ်ငန်းမှလည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်များတွင် စာတိုက်များမှ  စာပို့  /  စာဝေ ချောလမ်းကြောင်းများကို  E-Bikes  များ သုံးစွဲ ၍ ကာဗွန်ထုတ်လုပ်မှု လျော့နည်းရေးနှင့် လောင်စာဆီအသုံးပြုမှု လျှော့ချနိုင်လာသည်ကို တွေ့မြင် ရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စာတိုက်ဝန်‌ဆောင်မှု လုပ်ငန်းအား ခေတ်မီစာပို့တိုက် ဝန်‌ဆောင်မှုဖြင့် ပြုပြင်ပြောင်းလဲလာပြီး နိုင်ငံ၏ နေ့ထူး / နေ့မြတ်များနှင့် အထိမ်းအမှတ်များ အတွက် အထူးထုတ် တံဆိပ်ခေါင်းများ ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက် သမဂ္ဂဌာနချုပ်(UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့ သဝဏ်လွှာကို ဖတ်ကြားပါသည်။ ဆက်လက်၍ ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသခဲ့ပါသည်။

ယင်းနောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် (၅၁) ကြိမ်မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်)၌ ပထမဆု ရရှိသော နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှ မောင်မိုးထက်အောင်၊ ဒုတိယဆု ရရှိသော နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့မှ မသက်မှူးခင်၊ တတိယဆုရရှိသော မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ မခင်ခင်ဦးသာ နှင့် အထူးဆုရရှိသူ (၂)ဦးတို့အား ပြည်ထောင်စု ဝန်ကြီးက  ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ (၅၁)ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများ ကိုယ်စား ပထမဆုရှင် မောင်မိုးထက်အောင် က ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ပါသည်၊၊

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ ကျောင်းသူများ နှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့နောက် (၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ် ပြခန်းတွင် မှတ်တမ်း ဓါတ်ပုံများနှင့် ပြခန်း၊ ပြကွက်များကို ကြည့်ရှု အားပေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦး‌ဆောင်ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆုရရှိသူကျောင်းသား / သူများ နှင့် ၎င်းတို့၏ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

(၁၄၈) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကို ကမ္ဘာအနှံ့ရှိ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် အသီးသီးကျင်းပခဲ့ကြောင်းနှင့်  မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့စာပို့တိုက်နေ့အခမ်းအနားကို (၁၉၈၆) ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန