ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းတွင် ရေယာဉ်တိုးချဲ့ပြေးဆွဲခြင်း

 

၁။      ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ကုန်စည်ပို့ဆောင်ရေးစနစ်အား သမားရိုးကျ ပို့ဆောင်မှုစနစ်မှ ကုန်သေတ္တာဖြင့် ပို့ဆောင်သည့် Containerization အဖြစ် ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါသည်။ ပထမအဆင့် ခြေလှမ်းအနေဖြင့် ခရီးတို စတင်စမ်းသပ် ဆောင်ရွက်သည့် အနေဖြင့် လည်းကောင်း၊ ရန်ကုန်မြို့ယာဉ်ကြောကြပ်တည်းမှု လျော့ချစေရေး၊ ကုန်စည်စီးဆင်းမှု လျှင်မြန်စေရေးနှင့် သယ်ယူ ပို့ဆောင်မှုစရိတ်များ သက်သာစေရေးတို့ကို ရည်ရွယ်၍လည်းကောင်း၊  ရန်ကုန်မြစ်အတွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်း တံတားများသို့ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းကို (၉.၃.၂၀၁၇)ရက်နေ့မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၆၊ တွန်းရေယာဉ်  စောနန္ဒာ နှင့် ကုန်သေတ္တာတင် တွဲယာဉ် တ-၁၅၀၂ တို့ကို အသုံးပြု၍ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် (၈)ခေါက် ပြေးဆွဲပြီး၊ ကုန်သေတ္တာ (၆၄၀)လုံး၊ တန်ချိန်အားဖြင့် (၆၄၀၀) တန်၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် (၂၁)ခေါက်၊ ကုန်သေတ္တာ (၁၇၄၂)လုံး၊ တန်ချိန်အားဖြင့် (၁၇၄၂၀) တန်၊ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် (ကာလတို) (၆)လတွင် (၅၄)ခေါက်၊ ကုန်သေတ္တာ (၅၂၂၄)လုံး၊ တန်ချိန်အားဖြင့် (၅၂၂၄၀)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ ပါသည်။

၂။      ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေး လုပ်ငန်းကို တိုးချဲ့ပြေးဆွဲနိုင်ရန် ဒလသင်္ဘောကျင်းတွင် ဘ-၈၀၉ တွဲယာဉ်ကို ကုန်သေတ္တာတင် တွဲယာဉ်အဖြစ် ပုံစံပြုပြင် ပြောင်းလဲ တည်ဆောက်ခဲ့ရာ ပြီးစီးသွားပြီ ဖြစ်သဖြင့် (၄.၁၀.၂၀၁၈) ရက်နေ့မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၁ နှင့်အတူ ကုန်သေတ္တာတင် တွဲယာဉ် တ-၁၅၀၂ ဖြင့် (၁)စုံ၊ တွန်းရေယာဉ် ဆင်ဟိုင်း-၆ နှင့်အတူ ကုန်သေတ္တာတင် တွဲယာဉ် ဘ-၈၀၉ ဖြင့် (၁)စုံ၊ စုစုပေါင်း ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး ရေယာဉ်(၂)စုံဖြင့် ထပ်မံအားဖြည့်၍ သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်း ခရီးစဉ်တွင် ပြေးဆွဲလျက်ရှိပါသည်။ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလအတွင်း (၁၉)ခေါက် ပြေးဆွဲ နိုင်ခဲ့ပြီး၊ ကုန်သေတ္တာ (၁၈၄၈)လုံး၊ တန်ချိန်အားဖြင့် (၁၈၄၈၀)တန် ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

၃။      ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် လျော့ချပေးလျက်ရှိပြီး၊ ကုန်သေတ္တာပိုင်ရှင်များအနေဖြင့်လည်း ရေကြောင်းမှ သယ်ယူ ပို့ဆောင် ရခြင်းအတွက် ယခင်ကထက် အကုန်အကျ ပိုမို သက်သာလာပြီး အချိန်အားဖြင့်လည်း ပိုမိုမြန်ဆန်လာကြောင်း တွေ့ရှိနေပြီ ဖြစ်သည့်အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက် လာတော့မည် ဖြစ်ပါသည်။