ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဥရောပ အာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၂၂ခုနှစ်၊ မတ် (၂၅)၊ နေပြည်တော်

၁။      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို ဆွေးနွေးရန် ရောက်ရှိနေသော ကိုယ်စားလှယ်များအနက်မှ Mr. Vitaly MALIEV, Vice President, Russia Association for Friendship & Cooperation with Myanmar ဦးဆောင်သော အဖွဲ့ဝင် (၁၄) ဦးပါ ဥရောပအာရှ စီးပွား ရေးကော်မရှင်အဖွဲ့အား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၊ နေပြည်တော်၌ ၂၀၂၂ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။       ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် မှစ၍ သံတမန်ဆက်သွယ်မှုပြုခဲ့ရာ ယခုအခါ (၇၄) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့် မိမိတို့နိုင်ငံအပေါ် ဖွံ့ဖြိုးမှုအကူအညီများပေးအပ်မှု၊ ခိုင်ခိုင်မာမာ ရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ- ရုရှား လေကြောင်းသဘောတူစာချုပ်ကို ၁၉၇၀ နှစ်ကတည်းက ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍ တွင်လည်း သတင်းအချက်အလက် လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်ရန် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရုရှားနိုင်ငံမှ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပြီး၊ လေကြောင်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ကဏ္ဍများ၊ အီလက်ထရောနစ် ပစ္စည်းကိရိယာများ ဖြည့်တင်း ပံ့ပိုးပေးနိုင်မှုဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများအပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

၃။      တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။