မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)၏ နိုင်ငံတကာ ခရီးစဉ်ဖြစ်သော မန္တလေးမှဟောင်ကောင်သို့ စတင်ပျံသန်းခြင်း အခမ်းအနား

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)၏ နိုင်ငံတကာ ခရီးစဉ်ဖြစ်သော မန္တလေးမှဟောင်ကောင်သို့ စတင်ပျံသန်းခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ၆လပိုင်း ၅ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ ဆောင်ခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာအမျိုးသား လေကြောင်းလိုင်း စီးပွားရေး အရာရှိချုပ် ဦးနိုင်စောလွင်က MNA၏ နိုင်ငံတကာ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ မန္တလေး-ဟောင်ကောင် ခရီးစဉ်ကို တနင်္ဂနွေနေ့တိုင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ထွက်ခွာပြီး ဟောင်ကောင်သို့ ဒေသစံတော်ချိန် ညနေ၂ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက် မည်ဖြစ်သည်။ ဟောင်ကောင်မှ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၂၈ မြို့နှင့် ပြည်ပ ငါးနိုင်ငံသို့ လေကြောင်းလိုင်းများ ပြေးဆွဲပေးလျက်ရှိပြီး မန္တလေး- ဟောင်ကောင် ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၃၁၁ဖြင့် ရောင်းချပေး ကာ Boeing 737-800NG လေယာဉ်များဖြင့် ပြေးဆွဲပေးလျက်ရှိပါသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြကြောင်း သိရသည်။