မြန်မာ့စာတိုက်လုပ်ငန်းမှ စာတိုက်သစ်ဖွင့်လှစ်

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်စာတိုက် အဆင့်(၇)ရုံးကို (၇၈၄)ရုံးမြောက် အဆင့်(၅)လုပ်ငန်းပြည့်စာတိုက်အဖြစ် တိုးမြှင့်ဖွင့်လှစ်သည့် အခမ်းအနားအား မြန်မာ့စာတိုက်လုပ်ငန်း (၃)နှစ်ပြည့်မြောက်သည့် ၁-၄-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

စာတိုက်ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ၊ မြန်မာ့စာတိုက်လုပ်ငန်းမှ တိုင်းဒေသကြီး မန်နေဂျာနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဂုဏ်ပြုအမှတ်တရစကားပြောကြားကာ မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမြင့်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စာတိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်၍ စာတိုက်ဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး (၁၁:၃၀) နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိပါသည်။