ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအလျားသည် (၂၂၂၈) ကီလိုမီတာ ရှိပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ စီမံခန့်ခွဲမှုအောက်တွင် ဆိပ်ကမ်း (၉)ခု ရှိပြီး ရန်ကုန်ဆိပ်ကမ်းသည် ရန်ကုန်မြစ်အတွင်း တည်ရှိပြီး ကျန်ဆိပ်ကမ်း(၈)ခုမှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် တည်ရှိပါသည်။ ၎င်းတို့မှာ ရခိုင်ကမ်းရိုးတန်းတွင် စစ်တွေဆိပ်ကမ်း၊ ကျောက်ဖြူဆိပ်ကမ်း၊ သံတွဲဆိပ်ကမ်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပုသိမ်ဆိပ်ကမ်း၊ မော်လမြိုင်ဆိပ်ကမ်း၊ တနင်္သာရီကမ်းရိုးတန်းတွင် ထားဝယ်ဆိပ်ကမ်း၊ မြိတ်ဆိပ်ကမ်းနှင့် ကော့သောင်းဆိပ်ကမ်းတို့ ဖြစ်ကြပါသည်။ ရန်ကုန်ဆိပ်ကမ်းသည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်း ဖြစ်ကာ နိုင်ငံ၏အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှု ပမာဏ၏ ၉၀% ကျော်ကို ကိုင်တွယ်လျက်ရှိသော ဆိပ်ကမ်းဖြစ်ပါသည်။
ရန်ကုန်ဆိပ်ကမ်း (ရန်ကုန်ဧရိယာနှင့် သီလဝါဧရိယာ)တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတား(၃၃)စင်းရှိပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား(၉)စင်း တည်ဆောက်ပြီးစီး ခဲ့ပါသည်။ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်ဧရိယာတွင် ဆိပ်ခံတံတား(၂၆)စင်းရှိပြီး သီလဝါဧရိယာတွင် ဆိပ်ခံတံတား(၁၆)စင်းရှိပါ၍ စုစုပေါင်း(၄၂)စင်း ရှိလာပြီး ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို နိုင်နင်းစွာကိုင်တွယ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား (၉)စင်း
- Green Asia ဆိပ်ခံတံတား
- Puma Energy Asia Sun ဆိပ်ခံတံတား
- Elite Petro Chemical ဆိပ်ခံတံတား
- Kyimyindaing International Port Terminal ဆိပ်ခံတံတား
- Wilmar International ဆိပ်ခံတံတား
- သီလဝါမြေကွက်အမှတ်(၂၅)(၂၆)ရှိ ဂျပန် ODA Loan ဖြင့် တည်ဆောက်ခဲ့သည့် Thilawa Multipurpose International Terminal (TMIT) ဆိပ်ခံတံတား (၂)စင်း
- International Bulk Terminal Thilawa ဆိပ်ခံတံတား
- Denko ဆိပ်ခံတံတား
Green Asia ဆိပ်ခံတံတား
Puma Energy Asia Sun ဆိပ်ခံတံတား
Elite Petrochemical ဆိပ်ခံတံတား
Kyimyindaing International Port Terminal ဆိပ်ခံတံတား
Wilmar International ဆိပ်ခံတံတား
TMIT ဆိပ်ခံတံတား
International Bulk Terminal Thilawa ဆိပ်ခံတံတား
Denko ဆိပ်ခံတံတား
ရန်ကုန်ဆိပ်ကမ်းနှင့် ပြင်ပဆိပ်ကမ်းများသို့ ဆိုက်ကပ်သည့် သင်္ဘောများ၊ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှုစာရင်း
ရန်ကုန်ဆိပ်ကမ်းနှင့် ပြင်ပဆိပ်ကမ်းများသို့ ဆိုက်ကပ်သည့် သင်္ဘောများ၊ ကုန်သေတ္တာနှင့် အထွေထွေကုန်စည်ကိုင်တွယ်နိုင်မှုစာရင်း
ရန်ကုန်မြစ်ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးသောင်တူးဖော်ခြင်းလုပ်ငန်း
ရန်ကုန်ဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်စည်ပို့ဆောင်ရေး၏ အဓိက ဆိပ်ကမ်းဖြစ်သည့်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရေလမ်းကြောင်းများ ထာဝစဉ် ဖွံ့ဖြိုးရေးအား အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေးသောင်တူးဖော်ခြင်းအား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ (EOI) ဖိတ်ခေါ်၍ စိစစ်ရွေးချယ်ခဲ့ပြီး၂၀၁၈ခုနှစ်၊ မေလမှစတင်၍ သောင်တူးလုပ်ငန်းစတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သတ်မှတ်ရေစူး (အပြင်စည်းခုံ ရေလမ်းကြောင်း- ၅မီတာ၊ အတွင်းစည်းခုံ ရေလမ်းကြောင်း - ၄.၇မီတာ) ရရှိခဲ့ပါသည်။
သောင်တူးဖော်ရှင်းလင်းနိုင်မှုကြောင့် ရေစူးအနက်များရရှိလာသကဲ့သို့ ရေစီးရေလာ တိုးတက်ကောင်းမွန်လာခဲ့သဖြင့် အတွင်းစည်းခုံဧရိယာအတွင်း၊ သမ္မတကမ်းခြေအနီး ရေလမ်း ကြောင်းသစ်ဖော်ထုတ်ရန်အခြေအနေရှိကြောင်း တိုင်းတာတွေ့ရှိရသည့် ၃-၄-၂၀၂၀ ရက်နေ့မှ ၉-၈-၂၀၂၀ ရက်နေ့အထိတူးဖော်ရှင်းလင်း၍ ရေလမ်းကြောင်းသစ် (King's Bank Channel) ကို ဖော်ထုတ်နိုင်ခဲ့ပါသည်။
ရေလမ်းကြောင်းသစ်သည် မူလ Monkey Point Channel ထက် ရေမိုင် (၁.၂) မိုင်ခရီးတို တောင်းခြင်း၊ ရေလမ်းအကျယ် (၆) ဆခန့် ပိုမိုကျယ်ပြန့်ခြင်း၊ ရေစူး (၁) မီတာပိုနက်ခြင်း၊ ဖြောင့်တန်းမှု ရှိခြင်းတို့ကြောင့် ကုန်တင်ရေယာဉ် (Merchant Vessel) များ အသုံးပြု ရေလမ်း ကြောင်း အဖြစ်သတ်မှတ်ခဲ့ပြီး ယခင် Monkey Point Channel ရေလမ်းကြောင်းအား ပြည်တွင်းသွားရေယာဉ်များ အသုံးပြုရေလမ်းကြောင်းအဖြစ်ပြောင်းလဲသတ်မှတ်နိုင်ခဲ့သည့်အပြင် ရေစူးအနက်အား ၁-၇-၂၀၂၀ရက်နေ့မှစ၍ ယခင် (၉) မီတာအစား အပြင်စည်းခုံ ဧရိယာတွင် ရေစူး (၉.၅) မီတာနှင့်အတွင်းစည်းခုံဧရိယာအတွင်း (၉.၃) မီတာ အထိ တိုးမြှင့်သတ်မှတ်နိုင်ခဲ့ပါသည်။
ရေစူးအနက် တိုးတက်ရရှိမှုနှင့် ရေယာဉ်ကြီးများ၏ ကုန်တင်ဆောင်နိုင်မှု တန်ချိန် ဆက်နွယ်မှု (Ton Per Centemeter -TPC) အချိုးမှာ ရေယာဉ်တည်ဆောက်မှု ပုံသဏ္ဍာန်ပေါ် မူတည်၍ ကွာခြားမှု ရှိပါသည်။ အချို့ကုန်တင်ရေယာဉ်များသည် ရေစူး (1CM) တိုးတက် ရရှိသည်နှင့်အမျှ ပျမ်းမျှကုန်တန်ချိန် (၃၀)တန်မှ (၃၉.၃)တန် ပိုမိုတင်ဆောင်နိုင်ပြီး အချို့ဝမ်းပြား ပုံသဏ္ဍာန် ရေယာဉ်များအနေဖြင့် ကုန်တန်ချိန် (၅၈.၈) တန်ခန့်ထိ ပိုမိုတင်ဆောင်နိုင်ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ရန်ကုန်မြစ်ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေး သောင်တူးဖော်ရှင်းလင်း နိုင်မှုကြောင့် အပြင်စည်းခုံ ရေလမ်းကြောင်းသည် အထိုက်အလျှောက် တည်ငြိမ်မှုရှိလာခြင်း၊ အတွင်းစည်းခုံ ရေလမ်းကြောင်း အတွင်းရေလမ်းကြောင်းသစ်တစ်ခု ဖော်ထုတ်နိုင်ခဲ့ခြင်း၊ ရေစီး ရေလာကောင်းပြီး ရေစူးအနက် ပိုမိုရရှိလာသည့်အတွက် ရေစူးနှင့် အရွယ်ပမာဏ ပိုမိုကြီးမား သည့် ရေယာဉ်များ လက်ခံကိုင်တွယ်လာနိုင်ခြင်း၊ ရေယာဉ်ကြီးများအနေဖြင့် ယခင်ကကဲ့သို့ ရေချိန်စောင့်ဆိုင်းရန် မလိုအပ်တော့ဘဲ ၂၄နာရီ ဝင်/ထွက်သွားလာနိုင်သည့်အတွက် စောင့်ဆိုင်းချိန် (Dwelling Time) လျော့ချနိုင်ခြင်း စသည်တို့ကြောင့် ကုန်စည်စီးဆင်းမှု လုံခြုံချောမွေ့စေရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအား များစွာ အထောက်အကူ ရရှိခဲ့ပါသည်။
အတွင်းစည်းခုံရေလမ်းကြောင်းအတွင်းသောင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေပုံ
အပြင်စည်းခုံရေလမ်းကြောင်းအတွင်းသောင်တူးဖော်ခြင်းမှ သဲ/နုံးများ စွန့်ပစ်လုပ်ဆောင်နေပုံ
ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ ရေမိုင် (၂၀)ခန့်အကွာတွင် သံကူကွန်ကရစ် (၃)ထပ် ရေကြောင်းပြအဆောက်အအုံ (Offshore Fixed Pilot Station) (၁)လုံး တည်ဆောက်ခြင်း
ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်သို့ ရေမိုင် (၃၂) ကီလိုမီတာအကွာတွင် ရေကြောင်းပြရေယာဉ် (Pilot Vessel) (၂)စီးအား အလှည့်ကျ ရေကြောင်းပြစခန်း (Pilot Station) အဖြစ် ကျောက်ချထား ရှိပါသည်။ ရေကြောင်းပြမှူးကြီးများသည် အဆိုပါရေကြောင်းပြရေယာဉ်တွင် စခန်းချ၍ ရန်ကုန် ဆိပ်ကမ်းသို့ ဝင်/ထွက် ဆိုက်ကပ်သည့် သင်္ဘောကြီးများကို မောင်းနှင်ပေးရပါသည်။ ရာသီဥတု ဆိုးရွားချိန်တွင် ရေကြောင်းပြရေယာဉ်သည် ဘေးကင်းလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရခြင်း၊ ရေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ် ကြီးမြင့်လာခြင်းနှင့် လုံခြုံစိတ်ချမှုလျော့နည်းလာခြင်း၊ ရေယာဉ်များ အဝင်/အထွက် ပိုမိုများပြားလာ၍ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများပိုမိုများပြားလာကာ ရေကြောင်းပြရေယာဉ်တွင် နေရာလုံလောက်မှုမရှိခြင်းတို့ကြောင့် သံကူကွန်ကရစ်(၃)ထပ် ရေကြောင်းပြ အဆောက်အအုံကို တည်ဆောက်ရခြင်းဖြစ်ပါသည်။
ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်ပါ၍ ရာသီဥတုဆိုးရွားသော်လည်း တာဝန်ထမ်းဆောင်သူ ဝန်ထမ်းများ အခြားနေရာသို့ ရွှေ့ပြောင်းရန်မလိုခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျော့ချနိုင်ခြင်း၊ ဘေး အန္တရာယ်လုံခြုံစိတ်ချရခြင်း၊ တာဝန်ကျဝန်ထမ်းများ လုံခြုံစိတ်ချစွာဖြင့် အနားယူနိုင်၍ စိတ်ပိုင်း/ ကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်စုံ၍ လုပ်ငန်းတာဝန်များကို အပြည့်အဝထမ်းဆောင်နိုင်ခြင်း၊ ဆိပ်ကမ်း သို့ ဝင်/ထွက်ဆိုက်ကပ်သည့် ရေယာဉ်ကြီးများကို အချိန်အခါ ရာသီမရွေး မောင်းနှင်ပေးနိုင်ခြင်း၊ နိုင်ငံ၏ သွင်းကုန်/ပို့ကုန် ပိုမိုကိုင်တွယ်နိုင်ခြင်းနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေပါသည်။
Offshore Fixed Pilot Station သည် အလျား (၃၃.၂)မီတာနှင့် အနံ (၃၀.၄) မီတာအရွယ် သံကူကွန်ကရစ် (၃)ထပ် အဆောက်အအုံ (၁)လုံးဖြစ်ပြီး ရေယာဉ်အရွယ်အစား GRT 1500 အရွယ် ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား(၁)စင်းလည်းပါဝင်ပါသည်။ ရေကြောင်းပြအဆောက်အအုံတွင် မီးစက်၊ ရေသန့်စင်စက်၊ ရေဆိုးသန့်စင်စက်၊ ရေကြောင်းဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ၊ Radar စက်နှင့် Pilot Boat (၃)စင်းစသည့်တို့ပါဝင်ပါသည်။
အဆောက်အအုံ၏ ပထမထပ်သည် ရေကြောင်းပြမှူးကြီးများ၊ ရေယာဉ်မှူးကြီးများနေထိုင်ရန် ဖြစ်ပြီး ဒုတိယထပ်တွင် အုပ်ချုပ်စီမံမှုဆိုင်ရာဝန်ထမ်းများ နေထိုင်ရန်ဖြစ်ပါသည်။ တတိယထပ်တွင် ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများနေထိုင်ပြီး ဝန်ထမ်းစုစုပေါင်း(၃၆)ဦး လုံခြုံစိတ်ချစွာဖြင့် တာဝန် ထမ်းဆောင်နိုင်ပါမည်ဖြစ်ပါသည်။
စီမံကိန်း၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၂၀.၉)သန်းဖြစ်ပြီး၊ တည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလကုန် တွင် တည်ဆောက်ရေးလုပ်ငန်းများ ၁၀၀ % ပြီးစီးပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ မတ်လတွင် လွှဲပြောင်း လက်ခံရယူကာ Operation လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါသည်။
ရေကြောင်းပြအဆောက်အအုံ(Offshore Fixed Pilot Station) တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓါတ်ပုံများ
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် LNG to Power သင်္ဘောများ ဆိုက်ကပ်မှုအခြေအနေ
နိုင်ငံတော်၏လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးရန် လျှပ်စစ်ဓါတ်အားထုတ် လုပ်ရေးလုပ်ငန်း၊ CNTIC V Power Group Company တို့ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး Mobile Filling Platform (MFP) ကို တပ်ဆင်ကာ FSU ဖြစ်သည့် CNTIC V Power Global သင်္ဘောကို (၆-၆-၂၀၂၀) ရက်နေ့တွင် အောင်မြင်စွာဆိုက်ကပ်နိုင်ခဲ့ပါသည်။
LNG Ship to Ship Operation ကို ရန်ကုန်ပင်လယ်ဝတွင် အကြိမ်ကြိမ်ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုဆိုးဝါးပြီးဆောင်ရွက်၍မရရှိသဖြင့် Mother Vessel နှင့် Lightering Vessel တို့သည် မလေးရှားနိုင်ငံ၊ LINGGI ဆိပ်ကမ်းသို့ ပြန်လည်သွားရောက်ခဲ့ပြီး Ship to Ship Operation ပြုလုပ်ခဲ့ပါသည်။ Lightering Vessel ဖြစ်သော M.T. SURYA AKI ရေယာဉ်သည် သီလဝါမြေကွက်အမှတ် (၁၃) ရှိ FSU သို့ Ship to Ship Operation အဖြစ် (၂၈-၆-၂၀၂၀)၊ (၁၈-၇-၂၀၂၀)၊ (၂၆-၇-၂၀၂၀)၊ (၄-၈-၂၀၂၀)၊ (၁၃-၈-၂၀၂၀)၊ (၂၁-၈-၂၀၂၀)နှင့် (၃၀-၈-၂၀၂၀) ရက်နေ့တို့တွင် ဆောင်ရွက်နိုင်ခဲ့ပါသဖြင့် စုစုပေါင်း (၇) ခေါက်ကို မလေးရှားနိုင်ငံ၊ LINGGI ဆိပ်ကမ်းသို့ အသွား/အပြန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
FSU ၏ LNG လိုအပ်ချက်မှာ (၅) ရက် တစ်ကြိမ်စာဖြစ်သော်လည်း ရန်ကုန်ဆိပ်ကမ်းမှ LINGGI ဆိပ်ကမ်းသို့ အသွားအပြန် သင်္ဘောမောင်းချိန်မှာ (၈) ရက်ခန့်ကြာမြင့်ပြီး Mother Vessel နှင့် Lightering Vessel ထံ LNG ဖြည့်ရန်ကြာချိန် (၁၂) နာရီနှင့် Lightering Vessel မှ FSU သို့ LNG ပြန်ဖြန့်ပေးချိန် (၁၂) နာရီသာကြာမြင့်ခြင်းကြောင့် (၉) ရက်နေမှတစ်ကြိမ်သာလျှင် FSU သို့ LNG ဖြည့်ဆည်းပေးနိုင်ပါကြောင်း စိစစ်တွေ့ရှိရပါသည်။ ထိုကြောင့် Lightering Vessel မှ (၅) ရက် တစ်ကြိမ် LNG သယ်ယူဖြည့်တင်နိုင်ရေးအနီးဆုံးနေရာကိုရှာဖွေရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုနေရာကို တွေ့ရှိရွေးချယ်ခဲ့ပါသည်။
မြိတ်ကျွန်းစုတဝိုက်တွင် LNG Ship to Ship Operation ဆောင်ရွက်ရန် အသင့်တော်ဆုံး နေရာသည် ကတန်ကျွန်း၏မြောက်ဘက်၊ သမီးလှကျွန်း၏အရှေ့ဘက်ဧရိယာဖြစ်ပြီး၊ Iron Passage ကိုဖြတ်၍ ဝင်ရောက်ရသောနေရာဖြစ်ပါသည်။ ကျောက်ချမည့်နေရာသည် သင်္ဘောကြီး ရေလမ်းကြောင်းနှင့် လွတ်ကင်းပြီး ကျောက်မမျောသော နေရာဖြစ်သည့်အပြင် ရေအနက်သည် မီတာ (၃၀) အထက်ရှိသောကြောင့် လုံလောက်သောရေအနက်ရှိပါသည်။ ထို့အပြင့် မိုးရာသီတွင် အနောက်တောင်မုတ်သုံလေကိုလည်း ကတန်ကျွန်းမကြီးနှင့် သမီးလှကျွန်းက ကာထားပေးပြီး သားဖြစ်၍ လေတိုက်နှုန်း (၁၅) မိုင်ထက် ပိုမကြမ်းနိုင်သောနေရာဖြစ်သည့်အပြင် ရေစီးနှုန်းမှာ လည်း (၁.၅) မိုင်နှုန်းထက် မများပါကြောင်းတွေ့ရပါသည်။ ထို့အပြင် LNG Ship to Ship Operation ဆောင်ရွက်ရန် ကျောက်ချနေရာ၏မြောက်ဘက်နှင့်တောင်ဘက်တွင် ရေတပ်စခန်းနှင့် ရေတပ်ဌာနချုပ်တို့တည်ရှိနေသောကြောင့် လုံခြုံရေးအတွက်လည်း စိတ်ချရသော အနေအထားရှိ ပါသည်။
Mother Vessel သည် မြိတ်ကျွန်းစု၊ ကတန်ကျွန်းကျောက်ချရပ်နားစခန်းသို့ (၃၁-၈-၂၀၂၀) ရက်နေ့တွင်ရောက်ရှိလာရာ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဆိပ်ကမ်းအရာရှိချုပ်နှင့် ရေကြောင်းပြမှူးကြီးများမှ ပင်လယ်ဝမှ စောင့်ကြိုမောင်းနှင်ခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ (၂-၉-၂၀၂၀) ရက်နေ့တွင် Lightering Vessel ရောက်ရှိပြီး Mother Vessel ဘေးတွင် Ship to Ship Operation ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ မြိတ်ကျွန်းစုကို Ship to Ship Operation နေရာ အဖြစ် ရွေးချယ်လိုက်ခြင်းကြောင့် လိုအပ်နေသော LNG များကို သတ်မှတ်ရက်အတွင်း အချိန်မီ ရရှိအောင် ဆောင်ရွက်ပေးနိုင်ပြီး (၅-၉-၂၀၂၀) ရက်နေ့နှင့် (၉-၉-၂၀၂၀) ရက်နေ့တို့တွင် Lightering Vessel မှ FSU သို့ LNG သယ်ယူပို့ဆောင်ပေးခြင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကို တစ်ဘက်တစ်လမ်းမှ ထောက်ပံ့ကူညီဆောင်ရွက် ပေးလျက်ရှိပါသည်။
သီလဝါဆိပ်ကမ်း၊ မြေကွက်အမှတ် (၁၄) တွင်တည်ဆောက်ပြီးစီးသွားသည့် (၃၅၀) မီဂါဝပ် ဓါတ်အားပေးစက်ရုံ
MOBILE FILLING PLATFORM (MFP) တပ်ဆင်နေပုံ
MOBILE FILLING PLATFORM (MFP) ကျောက် (၄) လက်ချ တပ်ဆင်ပြီးပုံ
FLOATING STORAGE UNIT (FSU) CNTIC V-POWER GLOBA ကို (MFP) ဘေးသို့ကပ်နေပုံ
FSU ကို MFP ဘေးသို့ကပ်နေပုံ
LIGHTERING VESSEL M.T. SURYA AKI အား FSU ဘေးသို့ SHIP TO SHIP ARRANGEMENT ဆောင်ရွက်နေပုံ
M.T. SURYA AKI အား FSU ဘေးသို့ ကပ်ပြီးပုံ
မြိတ်ကျွန်းစု၊ ကတန်ကျွန်းထိပ်တွင် MOTHER VESSEL M.T. GOLAR KELVIN ဘေးသို့ LIGHTERING VESSEL M.T. SURYA AKI SHIP TO SHIP OPERATION ဆောင်ရွက်နေပုံ
MOTHER VESSEL ဘေး LIGHTERING VESSEL ကပ်နေပုံ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ မေယုမီးပြတိုက်တည်ရှိရာ မေယုကျွန်း၏ ကမ်းပါးထိန်းတံတိုင်း/လှိုင်းကာတံတိုင်းအား အဆင့်မြှင့်မွမ်းမံခြင်းလုပ်ငန်း
မေယုမီးပြတိုက်သည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ကာလတ္တားမြစ်၊ စစ်တကောင်းမြစ်၊ မေယုမြစ်၊ ကုလားတန်မြစ်နှင့် လေးမြို့မြစ်တို့ဆုံရာ ပထဝီသဘောအရ သီးခြား ဖြစ်ပေါ်တည်ရှိနေသော မေယုကျွန်း (ဒေသအခေါ် သင်းပန်းကျွန်း) ပေါ်တွင်တည်ရှိပြီး ၁၈၈၅ ခုနှစ်က တည်ဆောက်ခဲ့ပါသည်။ မီးပြစင်အမြင့် ၁၃၅ ပေ အချင်း ၂၇.၅ ပေရှိ သံကျွတ်ပုံလောင်း အဆောက် အဦအမျိုးအစား ဖြစ်ပါသည်။
မေယုကျွန်းသည် သီးခြားတည်ရှိနေသောကျွန်းဖြစ်၍ သွားရေးလာရေးနှင့်ပစ္စည်းအတင်အချ ပြုလုပ်ရေးတို့တွင် ခက်ခဲကြမ်းတမ်းပြီး ရေချိုရရှိရေးတွင်လည်း ခက်ခဲပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်နီးကပ်စွာတည်ရှိပြီး အချုပ်အချာအာဏာပိုင်ဆိုင်မှုတွင် ရေပိုင်နက်သတ်မှတ်မှု၌ ရခိုင် ကမ်းရိုးတန်း၏ Base Line ပေါ်ရှိ ကျွန်းအမှတ်အဖြစ် ဖော်ပြတည်ရှိပါသဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ခြေလျင်တပ်ခွဲတစ်ခွဲနှင့် အမြှောက်တပ်ခွဲတစ်ခွဲ နေရာချထားပြီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိပါသည်။
နှစ်ပေါင်းကာလကြာမြင့်ပြီဖြစ်၍ ကမ်းထိန်းကျောက်သားများပျက်စီးကာ မီးပြတိုက်၏ ခြေရင်းသို့ တိုက်ရိုက်ရေဦးထိုး တိုက်စားခြင်း၊ လှိုင်းပုတ်ခြင်းတို့ဖြစ်ပေါ်နေခဲ့ရာ မီးပြတိုက်ကို ဝန်းရံထားသော ကျွန်းပတ်တာလှိုင်းကာကျောက်ရိုးများ ပျက်စီးခြင်းနှင့် ထိုသို့ပျက်စီးခြင်းကြောင့် မီးပြတိုက်ကိုယ်ထည် ယိမ်းယိုင်လာခြင်းနှင့် မီးပြတိုက်၏ ပင်မကိုယ်ထည်ကြီးသည်လည်း ရာသီဥတု ဒဏ်နှင့် နှစ်ကာလကြာမြင့်ခြင်းတို့ကြောင့် ဆွေးမြေ့ပျက်စီး၍ ကိုယ်ထည်ကြီး ယိုယွင်းလာခြင်း ဖြစ်ပါသည်။
မေယုမီးပြတိုက်တွင် ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းအား ငွေကျပ် ၄၅၈၅.၇၇၀သန်းဖြင့် ပျမ်းမျှဒီရေလှိုင်း အမြင့် (Wave Height) (၄)မီတာအရွယ် ဒီရေလှိုင်းအား ကာကွယ်နိုင်သည့် စုစုပေါင်း အလျား (၁၇၀) မီတာခန့်ရှိသည့် ကမ်းပါးထိန်းနံရံ/လှိုင်းကာတံတိုင်းကို Geotextile tube၊ Tetrapod လှိုင်းဒဏ်ခံ ကျောက်တုံးကြီးများ (Armour Rock) နှင့် Geotextile စသည့် တည်ဆောက်ရေး ပစ္စည်းများကို အသုံးပြု၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ မေယုမီးပြတိုက်တည်ရှိရာ မေယုကျွန်း၏ ကမ်းပါးထိန်းတံတိုင်း/လှိုင်းကာတံတိုင်းအား အဆင့်မြှင့်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းဓါတ်ပုံများ