မြန်မာ့မီးရထားမှ ခေတ်မီစက်ခေါင်းသစ်နှင့် တွဲသစ်များတပ်ဆင်ထုတ်လုပ်ခြင်း

 

မြန်မာမီးရထားသည် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စေရေးနှင့် ရထားစီး ခရီးသည်များ ပိုမို တိုးတက်လာစေရေးကို ရည်ရွယ်၍ လူစီးရထားများ ဖြည့်တင်းနိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေ အမေရိကန်ဒေါ်လာ (၉၄.၅၃)သန်း စီမံကိန်းဖြစ်သည့် စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) နှင့် တွဲသစ် တည်ဆောက်ရေး စက်ရုံ (မြစ်ငယ်) တို့၌ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲသစ်များ တပ်ဆင် ထုတ်လုပ်လျက် ရှိရာ စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်)၌ တပ်ဆင် ထုတ်လုပ်သော စက်ခေါင်းသစ်များသည် ကွန်ပျူတာထိန်းချုပ် စနစ် ပါဝင်သော မြင်းကောင်ရေ(၂၀၀၀) အား ခေတ်မီ ဒီဇယ်လျှပ်စစ် စက်ခေါင်းများဖြစ်ပြီး၊ တွဲသစ် တည်ဆောက်ရေး စက်ရုံ(မြစ်ငယ်)၌ လေအိတ် ဘိုဂီပါ လူစီးတွဲသစ်များကို တပ်ဆင် ထုတ်လုပ်လျက်ရှိပါသည်။ ချေးငွေ စီမံကိန်းတွင် စက်ခေါင်းသစ် (၂၂)ခေါင်းနှင့် လေအိတ် ဘိုဂီပါ လူစီးတွဲ (၆၀)တွဲပါဝင်ပါသည်။ နေပြည်တော် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ အနေဖြင့် ထုတ်လုပ်နိုင်မှုစွမ်အားမှာ တစ်နှစ်လျှင် စက်ခေါင်း(၂၀)ဖြစ်ပါသည်။ တွဲသစ် တည်ဆောက်ရေးစက်ရုံ (မြစ်ငယ်)အနေဖြင့်  ထုတ်လုပ်နိုင်မှု စွမ်းအားမှာ တစ်နှစ်လျှင် လူစီးတွဲ (၁၂၀)တွဲဖြစ်ပါသည်။

ယခုအခါ နေပြည်တော် စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံမှ တပ်ဆင်ထုတ်လုပ် ပြီးစီးသည့် စက်ခေါင်းသစ်(၂)ခေါင်းကို မြေပြန့် လမ်းပိုင်းနှင့် တောင်ပေါ်လမ်းပိုင်းများ၌ စမ်းသပ် မောင်းနှင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ လူစီးရထားများနှင့် ကုန်ရထားများတွင် အသုံးပြု ပြေးဆွဲသွားမည် ဖြစ်ပါသည်။ ထို့အပြင် တွဲသစ် တည်ဆောက်ရေးစက်ရုံ (မြစ်ငယ်)၌ လေအိတ် ဘိုဂီပါ ခေတ်မီ လူစီးရထားများ တပ်ဆင် ထုတ်လုပ်လျက်ရှိရာ တပ်ဆင် ထုတ်လုပ် ပြီးစီးသည့် လူစီးတွဲသစ် များကို စမ်းသပ် မောင်းနှင်ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

ထို့အပြင် ကိုရီးယား (EDCF) ချေးငွေဖြင့် လူစီးတွဲ(၁၀၀) ဝယ်ယူခြင်းစီမံကိန်း ဆောင်ရွက်လျက်ရှိရာ နောင်လာမည့် (၂)နှစ်အတွင်းတွင် လေအိတ်ဘိုဂီပါ လူစီးတွဲသစ်များ ထပ်မံ ဖြည့်တင်းနိုင်မည် ဖြစ်ပါသည်။ အဆိုပါ လူစီးတွဲ(၁၀၀)ဝယ်ယူခြင်း စီမံကိန်းဖြင့် လေအေးစက်ပါ အထက်တန်း တွဲ (၂၀)၊ လေအေးစက် မပါ အထက်တန်းတွဲ (၂၀) နှင့် ရိုးရိုးတန်းတွဲ (၆၀) ဝယ်ယူ သွားမည် ဖြစ်ပါသည်။

နေပြည်တော်စက်ရုံ၌ တပ်ဆင်ထုတ်လုပ်သည့် စက်ခေါင်းသစ်ပုံ

စမ်းသပ်မောင်းနှင်နေပုံ


ဝန်ချိန်ပြည့် တွဲများဖြင့် တောင်ပေါ်လမ်းပိုင်း စမ်းသပ်မောင်းနှင်နေပုံ


မြစ်ငယ်စက်ရုံ၌ တည်ဆောက်သည့် လူစီးတွဲအတွင်းပိုင်းပုံ


လေအိတ်ဘိုဂီပါ တွဲသစ်တည်ဆောက်ပြီးစီးပုံ


တွဲများစမ်းသပ်မောင်းနှင်ခြင်း