မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဇီးပင်ကြီး-ပြင်ဦးလွင် လမ်းပိုင်း အခြေအနေတို့ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် လိုက်ပါလာရာ မန္တလေးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)သို့ ရောက်ရှိ ချိန်တွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့က ကြိုဆိုကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယင်းမှ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွါရာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရှိ မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံသို့ ရောက်ရှိချိန်တွင် စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် စက်ရုံ အစည်းအဝေး ခန်းမတွင် စက်ရုံမှူးက စက်ရုံ၏ ရည်မှန်းချက်တာဝန်များ၊ နှစ်အလိုက် လျာထားချက်များအပေါ် အကောင်အထည်ဖော် စွမ်းဆောင်နိုင်မှု အခြေအနေများ၊ အနာဂတ် ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လျာထားချက်များ ပြည့်မီ ကျော်လွန်အောင် စွမ်းဆောင်နိုင်စေရေး၊ စက်ရုံ၏ လုံခြုံမှုစနစ် ကောင်းမွန်စေရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေး ကိစ္စရပ်များကို လမ်းညွှန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ စက်ရုံဝင်းအတွင်းရှိ စက်မှုသင်တန်းကျောင်း အဆောက်အဦတွင် သင်တန်းသားများအား သင်တန်း ပို့ချနေမှု၊ လက်တွေ့ လေ့ကျင့် လုပ်ဆောင်နေမှု အခြေအနေများနှင့် စက်ရုံ၏ လုပ်ငန်းခွင် နေရာများသို့ လှည့်လည် ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေး၊ မီးဘေး လုံခြုံမှု ရှိရေး၊ စက်ရုံဝင်းအတွင်း သန့်ရှင်း သပ်ရပ်ရေး ကိစ္စများကို လမ်းညွှန်မှာကြားပါသည်။ ထို့နောက် စက်ရုံရှိ ရွာထောင် ဘိုးဘွားရိပ်သာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး သက်ကြီး ဘိုးဘွားများ စားသောက် နေထိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။ ထို့နောက် မြန်မာ့မီးရထားဆေးရုံ (ရွာထောင်) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ မိသားစုများအား ဆေးကုသပေးနိုင်မှု အခြေအနေ၊ ဆေးပစ္စည်း၊ ကိရိယာနှင့် ဆေးဝါး လိုအပ်ချက် အခြေအနေများအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွာထောင်မှ ပြန်လည် ထွက်ခွါ၍ မြန်မာ့မီးရထားဆေးရုံ (မြစ်ငယ်)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဆေးရုံအစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများက ဆေးရုံ၏  လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထားဆေးရုံ(မြစ်ငယ်)၏ လူနာများ လက်ခံ ကုသပေးနေမှု အခြေ အနေ၊ ဆေးပစ္စည်းနှင့် ကိရိယာများ၊ ဆေးဝါးလိုအပ်ချက် အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဆေးရုံတက်ရောက် ကုသနေသည့် လူနာများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိလာရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။ ထို့နောက် စက်ရုံ ရှင်းလင်းဆောင်တွင် စက်ရုံမှူးက စက်ရုံမှ လူစီးတွဲသစ်များ တပ်ဆင် ထုတ်လုပ်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းများ ဆောင်ရွက်ခဲ့၍ တွဲတည်ဆောက်မှု အတွေ့အကြုံများကိုလည်း ရရှိခဲ့ပြီးဖြစ်၍ နောင်အနာဂတ်တွင် ခေတ်မီတွဲ တည်ဆောက်မှုများကို ကိုယ်ပိုင် နည်းပညာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပြည်တွင်းမှ ရရှိနိုင်သည့် ပစ္စည်းများကို မြန်မာကျပ်ငွေဖြင့်ပင် ဝယ်ယူ ရရှိနိုင်ရေး၊ မဖြစ်မနေ လိုအပ်မှသာလျှင် နိုင်ငံခြားမှ မှာယူ တင်သွင်း အသုံးပြုရေး၊ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို ဂရုစိုက် ဆောင်ရွက်ပေးရေး၊ စက်ရုံ၏ ဝန်ထမ်း၊ ပစ္စည်းများ လုံခြုံရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အထူး ဂရုစိုက်ရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံများ၌ တွဲသစ်များ တပ်ဆင် ထုတ်လုပ်နေမှု အခြေအနေ အသုံးပြုနေဆဲ လူစီးတွဲ၊ ကုန်တွဲများ သက်တမ်းအလိုက် မွမ်းမံ ပြင်ဆင်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆက်လက်၍ ကွန်ကရစ် ဇလီဖားစက်ရုံ(မြစ်ငယ်)သို့ ရောက်ရှိလာရာ တာဝန်ရှိသူများက စက်ရုံ၏ ကွန်ကရစ် ဇလီဖား ထုတ်လုပ်နေမှု လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြရာ ထုတ်လုပ်မှု စံချိန် စံညွှန်း ပြည့်မီရေး ကုန်ကြမ်းပစ္စည်းများ  လေလွင့် ဆုံးရှုံးမှု မရှိစေရေး လမ်းညွှန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် မြစ်ငယ်မှ ထွက်ခွါလာရာ မန္တလေး-လားရှိုး ရထားလမ်းပိုင်းပေါ်ရှိ ဇီးပင်ကြီး ဘူတာသို့ ရောက်ရှိပါသည်။ ၎င်းမှ RGC သံလမ်းပြေးယာဉ်ဖြင့် လိုက်ပါ၍ ရထားလမ်းဘေး ဝဲယာတစ်လျှောက် ချုံများ ရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကွန်ကရစ် ဇလီဖား ဖြည့်တင်း ပြီးစီးမှုနှင့် လမ်းခင်းကျောက် ဖြည့်တင်း ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီးနောက် ညနေပိုင်းတွင် ပြင်ဦးလွင်ဘူတာသို့ ရောက်ရှိ ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်ဘူတာ ယာဒ်ဝင်းအတွင်း သံလမ်း မွမ်းမံ ပြင်ဆင်မှု၊ သန့်ရှင်း သပ်ရပ်ရေး ဆောင်ရွက်ထားမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးလျက် လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

          ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန