မြေတူး မြေခံရေယာဉ်များ အသစ်တည်ဆောက်ဖြည့်တင်းခြင်း

နိုင်ငံတကာနှင့်ကုန်သွယ်မှု ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ ပင်လယ်ရေကြောင်းဖြင့် ကူးသန်းရောင်းဝယ်မှုပမာဏသည်လည်း တိုးတက်များပြားလာသည်ဖြစ်ရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းဖြစ်သော ရန်ကုန်ဆိပ်ကမ်းတွင် ဆိပ်ကမ်းတံတားများအား ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် တိုးတက်တည်ဆောက်ခြင်း နှင့် ရေလမ်းကြောင်းကောင်းမွန်စေရန် အလေးထားဆောင်ရွက်ခြင်းတို့အပြင် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေမည့် ရေယာဉ်နှင့်စက်ကိရိယာများ အသစ်ဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး တို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် စက်မှုအင်ဂျင်နီယာဌာနသည် ပုဂ္ဂလိကကျွမ်းကျင်ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆိပ်ကမ်းတံတားများရှေ့နှင့် ရေလမ်းကြောင်းတစ်လျှောက် နှုံး/သောင်တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ 2.5 ကုဗမီတာ Clamshell Crane တပ်ဆင်ဆောင်ရွက်နိုင်မည့် (၂၆)မီတာ အရှည်ရှိ မြေတူးရေယာဉ်(၁)စီး အားလည်းကောင်း၊ (၄၄)မီတာ အရှည်ရှိပြီး (၂၅၀) ကုဗမီတာ မြေခံရေယာဉ်(၁)စီး အားလည်းကောင်း၊ သိမ်ဖြူသင်္ဘောကျင်းတွင် အသစ်တည်ဆောင်နိုင်ခဲ့ပြီး စတင်စမ်းသပ်အသုံးပြုနိုင်ခဲ့ပြီးဖြစ်ရာ ရေလမ်းကြောင်းတိုးတက်ကောင်းမွန်ရေးနှင့် ဆိပ်ကမ်းတံတားများရှေ့တွင် သတ်မှတ်ရေအနက်ရရှိရေးအတွက် အားဖြည့်ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ပါသည်။ ဤအောင်မြင်မှုအတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် စက်မှုအင်ဂျင်နီယာဌာနနှင့် သိမ်ဖြူသင်္ဘောကျင်းမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသည့် ပုဂ္ဂလိကကျွမ်းကျင်ကုမ္ပဏီများမှ ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။