ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များအား ဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များအား ဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အမှာစကားပြောကြားရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများဆိုင်ရာ ကိစ္စရပ်များ၌ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တစ်ပြေးညီ ဖြစ်စေရေး၊ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်စေရေး သက်ဆိုင်ရာဝန်ကြီး ဌာနများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် ယနေ့အစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၌ မော်တော်ယာဉ်ဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် ယာဉ်အန္တရာယ် ကင်းရှင်း ရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ (၂၀၂၀)ကို ၂၆.၅.၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများကို ၁၉.၁.၂၀၂၂ ရက်နေ့တွင် လည်းကောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ညွှန်ကြားချက်ကို ၂၁.၁.၂၀၂၂ ရက်နေ့တွင် လည်းကောင်း ပြဋ္ဌာန်း ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် သက်ဆိုင် သည့် ဌာနဆိုင်ရာနှင့် ဆက်စပ်အဖွဲ့အစည်းအသီးသီးသို့ ဖြန့်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံသည် 1968 Vienna Convention on Road Traffic နှင့် Road Signs & Signals သို့ ၂၆.၆.၂၀၁၉ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်၍ လက်ရှိထုတ်ပြန်ကျင့်သုံးလျက် ရှိသော လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် အဆိုပါ Vienna Convention ၏ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ မော်တော်ယာဉ်များ မောင်းနှင် အသုံးပြုနေသည့် လမ်းများကို မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော် စီမံခန့်ခွဲ ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနများနှင့် မြို့တော်စည်ပင်သာယာရေး ကော်မတီများအနေဖြင့် ၎င်းညွှန်ကြားချက်နှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ရေးဆွဲ စိုက်ထူကြရန်ဖြစ်ပါကြောင်း၊ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council-NRSC) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Road Safety ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုများ တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီနှင့် နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများအနေဖြင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ပညာပေးဆွေးနွေး ဟောပြောမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (National Road Safety Council-NRSC) အနေဖြင့် National Road Safety Action Plan (2021-2030) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်း Action Plan တွင်လည်း လမ်းညွှန်း၊ လမ်းအမှတ်အသား၊ အချက်ပြနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ် (၂)ရပ် ပါဝင်ပြီး ၎င်း လုပ်ငန်းစဉ်များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီများအနေဖြင့် လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်စေရေး ညွှန်ကြား ကြပ်မတ်လျက်ရှိပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသတ်မှတ် ချက်များ၊ အထူးသဖြင့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီများက လေးစား လိုက်နာကြရန်နှင့် ကွဲလွဲမှုများ ရှိနေပါက ညွှန်ကြားချက်နှင့်အညီ အမြန်ဆုံး စိစစ်ပြုပြင် ဆောင်ရွက်ပေးပါရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ပြဋ္ဌာန်းချက်များအပေါ် တိုင်း‌ဒေသကြီး/ ပြည်နယ်များ၌ ဆောင်ရွက်ချက်များ တစ်ပြေးညီဖြစ်စေ‌‌ရေး ကြီးကြပ်ရေးအဖွဲ့များ  ဖွဲ့စည်း တာဝန်‌ပေးအပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေး မှာကြားပါသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့များ ဖွဲ့စည်းထားမှု၊ တပ်ဖွဲ့အလိုက် ရည်မှန်းချက် များနှင့်အညီ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများ၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဥပဒေများနှင့်အညီ မော်တော်ယာဉ်များနှင့် လမ်းအသုံးပြုနေမှုများကို ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး၊ အချို့ ဒေသများတွင် လမ်းညွှန်း လမ်းအမှတ်အသားဆိုင်ရာ ကွဲလွဲအသုံးပြုမှုများ စိစစ်တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး ပြင်ဆင်ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ လူကူးမျဉ်းကျားနှင့် လမ်းပိုင်းများတွင် အသုံးပြုနေသော ဆေးရောင်များမှာလည်း သတ်မှတ်ညွှန်ကြားချက်နှင့်အညီ တစ်ပြေးညီဖြစ်ရန် လိုကြောင်း၊ လမ်းဘေးပလက်ဖောင်းများ သည်လည်း လူသွားရန် လုံလောက်သည့် သတ်မှတ်အကျယ်အဝန်း ရှိရန် ဆောင်ရွက်သင့်ကြောင်း၊ ယခုလမ်းညွှန်း လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဆွေးနွေးအဖြေရှာကြရန် ဖြစ်ပါကြောင်းနှင့် လိုအပ်မည်ဆိုပါက ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။

၎င်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်း လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေးအတွက် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ပြီး စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန