ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက် ဌာနဆိုင်ရာလုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄)ရက်

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဖဒိုမန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဖေဖေါ်ဝါရီလ(၄)ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိပါသည်။

          ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည်  ပြည်န­ယ်အစိုးရအဖွဲ့မှ  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ စစ်တွေမြို့၊ ဖောင်တော်ကြီးဆိပ်ခံတံတားနယ်မြေရှိ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ရုံးသို့ ရောက်ရှိလာရာ ဌာနအလိုက်တာဝန်ရှိသူများက ကြိုဆိုကြပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ရှင်းလင်းဆောင်တွင် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား မိတ်ဆက်အမှာစကား ပြောကြား၍ ဌာနအလိုက်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကြုံတွေ့ရသော အခက်အခဲများ တင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား နိုင်ငံ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ဖြစ်ပေါ်မှုအခြေအနေများ ရှင်းပြပြီး၊ ဌာနအလိုက်လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရေး၊ ဌာနအချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မခံရစေရေး ၊ စက်သုံးဆီနှင့် လျှပ်စစ်မီးများ ခြိုးခြံ ချွေတာနိုင်ရေး၊ မိမိဌာနရုံးနယ်မြေ အလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားပြီးနောက် ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဖောင်တော်ကြီးဆိပ်ခံတံတား၏ အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် စစ်တွေမြို့ရှိ ရွှေမင်းဂံ ဆိပ်ခံတံတားနေရာသို့ ရောက်ရှိလာရာ တာဝန်ရှိသူများက နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်သော ကုန်တင်လှေများ ဆိုက်ကပ်၊ ထွက်ခွာမှု အခြေအနေ၊ ကုန်စည်စီးဆင်းမှု အခြေအနေများ၊ လက်ရှိအသုံးပြု နေသော ဆိပ်ခံတံတားသည် သက်တမ်း ကြာမြင့်ပြီဖြစ်၍ မွမ်းမံပြင်ဆင်ရန် လိုအပ်မှုအခြေအနေနှင့် အနီးပတ်ဝန်းကျင်ရှိ ဆိပ်ခံတံတားငယ်များ နေရာတွင် ဆိပ်ခံတံတားကြီးများ အစားထိုး တည်ဆောက်နိုင်ရေး လိုအပ်မှု အခြေအနေ တင်ပြချက်များအပေါ် ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။