ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ထူရေးဆွဲထားသည့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ကွင်းဆင်းသုံးသပ်စစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်မြိုင်သည် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပိုင်းနေရာများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ Road Audit ပြုလုပ်မှုများအပေါ် သုံးသပ်လေ့လာခြင်းများ ဆောင်ရွက်ကြသည်။

ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး       ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါ ကွင်းဆင်းစစ်ဆေးကြသည်။

ကွင်းဆင်းစစ်ဆေးရာ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်က ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးနယ်နိမိတ် အတွင်း လမ်းဆုံများတွင် မော်တော်ယာဉ်များ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး စီမံခန့်ခွဲ ဆောင်ရွက်ထားရှိမှု၊ လမ်းများတွင် လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများကို နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ စိုက်ထူရေးဆွဲဆောင်ရွက်ထားရှိမှုများနှင့် ဘတ်စ်ကားများ ခရီးသည် အတင်အချ ပြုလုပ်ရာတွင် အန္တရာယ်ကင်းရှင်းရေးစီမံဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ပါ သည်။ ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး       ဒေါ်ဖြူဖြူဝင်းက ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့အတွင်း နေရာ(၇)နေရာ ၌ ယာဉ်တိုက်ခိုက်မှု အန္တရာယ်ရှိနိုင်သည့် မြေပြင်အခြေအနေ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများ ရေးဆွဲစိုက်ထူထားရှိမှုအခြေအနေ၊ လမ်းဆုံများ၌ စက်ဘီးစီးသူများ ယာဉ်အန္တရာယ် ကင်းစွာ လမ်းဖြတ်ကူးနိုင်ရေးဆောင်ရွက်ရန်လိုအပ်သည့် အစီအမံ၊ Gantry Road Sign များနှင့် ဘတ်စ်များ ရပ်နားရမည့်နေရာ သတ်မှတ်ချက်များကို နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ တပြေးညီ ဆောင်ရွက်ထားရှိနိုင်စေရေးကိစ္စတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် နှင့်  ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ရေးအဖွဲ့ဝင်များက လမ်းညွှန်း များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ (၂၀၂၂ ခုနှစ်) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိစေရေး ပြင်ဆင်ပြောင်းလဲရန် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

အဆိုပါ ရန်ကုန်မြို့တော်၊ မြို့နယ်(၃)မြို့နယ်တို့၌ လမ်းပိုင်းဆိုင်ရာ ကွင်းဆင်းစစ်ဆေးချက် အရ ပြုပြင်ဆောင်ရွက်သင့်သည့် အကြံပြုချက်များအား စီမံဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ကြီးကြပ်ရေးအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှလည်း ပြဋ္ဌာန်းထားသည့် နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန