ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Airlines လေယာဉ် ပြေးလမ်းကျော်လွန် ဆင်းသက်ခဲ့မှု ဖြစ်စဉ် ဖြစ်ပွားခြင်း

၈-၅-၂၀၁၉ ၊ ရန်ကုန်

၁။      ဘင်္ဂလားဒေ့ရှ်နိုင်ငံ Biman Airlines ၏ လေယာဉ်အမျိုးအစား DH8D ၊ လေယာဉ်မှတ်ပုံတင် အမှတ်၊ S2AGQ သည် လေယာဉ်ခရီးစဉ်အမှတ်၊ BBC 060 ဖြင့် ဒက္ကာ - ရန်ကုန် - ဒက္ကာ ခရီးစဉ် ပျံသန်းရန် ခရီးသည် (၂၈) ဦး တင်ဆောင်လျက် လေယာဉ်အမှုထမ်း (Crew) (၆) ဦး နှင့်အတူ (၈-၅-၂၀၁၉) ရက်နေ့ ဒေသစံတော်ချိန် (၁၅:၄၅) နာရီအချိန် စတင် ထွက်ခွာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၈:၅၂) နာရီအချိန်တွင် လေယာဉ်ပြေးလမ်း (၂၁) ဘက်မှ ဆင်းသက်ခဲ့ပါသည်။

၂။       အဆိုပါ Biman Airlines လေယာဉ်သည် လေယာဉ်ပြေးလမ်း (၂၁) မှ ဆင်းသက်ခဲ့ရာ ပုံမှန် ဆင်းသက်ရမည့် ပြေးလမ်းနေရာ (Touch Down Area) ကို ကျော်လွန်၍ ပြေးလမ်း ပေ (၇၀၀၀) ခန့် တွင် Late Touch Down ဖြစ်ခဲ့ပြီး၊ လေယာဉ်မှာ ပြန်လည်ကြွတက်၍ ပြေးလမ်း ပေ (၈၀၀၀) ခန့်တွင် ပြန်လည် ကျဆင်းခဲ့ပြီး ဆက်လက်၍ လေယာဉ်ပြေးလမ်း (၀၃) အဆုံးနေရာတွင် ညာဘက်သို့ဆွဲကာ ရပ်တန့်သွားခဲ့ပါသည်။

၃။      အဆိုပါလေယာဉ် ပြေးလမ်းကျော်လွန်၍ ဆင်းသက်ခဲ့မှုကြောင့် Biman Airlines လေယာဉ်၏ Nose Wheel ၊ Main Wheel ၊ လေယာဉ်ကိုယ်ထည်၊ လေယာဉ်တောင်ပံနှင့် ပန်ကာများ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါသည်။

၄။      အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူး (၁) ဦး၊ လေယာဉ်မယ် (၁) ဦး၊ အင်ဂျင်နီယာ (၁) ဦးနှင့် ‌ခရီးသည် (၁) ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ လေဆိပ်ရှိ လူနာတင်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ပါသည်။ ကျန်ခရီးသည်များနှင့် လေယာဉ် အမှုထမ်းများကို ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အနည်းငယ်စီ ဒဏ်ရာရရှိသော လေယာဉ် အမှုထမ်း (၃) ဦးနှင့် ခရီးသည် (၁၂) ဦးတို့ကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံ ပို့ဆောင်၍ ကုသမှုခံယူစေခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရရှိသူများကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍ ဆက်လက်ကုသမှုများကို တာဝန်ရှိသူများက လိုက်ပါကြီးကြပ်၍ ဆောင်ရွက်ပေးလျက် ရှိပါသည်။

၅။      အထက်ပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့် (၁၈:၅၃) နာရီအချိန်မှစ၍ လေယာဉ်ပြေးလမ်းကို ခေတ္တပိတ်ထား ခဲ့ရပါသည်။ လေယာဉ်ပြေးလမ်း စစ်ဆေးခြင်း၊ ရှင်းလင်းခြင်းများ ဆောင်ရွက်နေချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ် (၁၀) စီးကို မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂) စီးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၈) စီး ပြောင်းလဲ ဆင်းသက်စေခဲ့ပါသည်။ ၎င်းအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည့် ပြည်ပလေကြောင်းလိုင်းများဖြစ်သည့် Thai Air Asia မှ လေယာဉ် (၁) စီး နှင့် Air Asia မှ လေယာဉ် (၁) စီး တို့ကိုလည်း ချင်းမိုင်လေဆိပ်သို့ ခေတ္တပြောင်းရွှေ့ ဆင်းသက်စေခဲ့ပါသည်။

၆။      ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်း စစ်ဆေးခြင်းနှင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ပြီးစီး၍ (၈-၅-၂၀၁၉) ရက်နေ့ (၂၁:၀၁) နာရီအချိန်တွင် လေယာဉ်ပြေးလမ်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ လေယာဉ်များ ပုံမှန် ပြန်လည် ဆင်း/တက် အသုံးပြုလျက် ရှိပါသည်။