ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကြည့်ရှုစစ်ဆေး

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းရှိ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအား ယနေ့နံနက် (၀၈:၅၀)နာရီတွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့် မြှင့်တင်ရေး စီမံကိန်း၏ တောင်ငူ-ညောင်လေးပင်လမ်းပိုင်း (CP-103) စီမံကိန်း (အုတ်တွင်း) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြန်မာ့မီးရထား၊ တိုင်းအမှတ် (၅) တောင်ငူမှ တိုင်းအရာရှိများ တိုင်းအမှတ် (၆) ရန်ကုန်မှ တိုင်းအရာရှိများနှင့် တွေ့ဆုံပါသည်။

ဦးစွာ စီမံကိန်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထားလမ်းစီမံကိန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များရှိပါက သိရှိ ဖြည့်ဆည်းပေးနိုင်ရေး လာရောက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးတွင် မီးရထားကဏ္ဍ ဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ရထားပို့ဆောင်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ကြသော ဝန်ထမ်းများ အဆင့်အတန်း အားလုံးသည် နိုင်ငံတော်၏ အဓိက အရေးပါတဲ့ လုပ်ငန်းကို ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း၊ ယခုလို အားထုတ် ဆောင်ရွက်နေမှုများကို ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများသည် နှစ်ရှည် ပင်မစီမံကိန်း ရေးဆွဲခြင်း (Master Plan)၊ စီမံကိန်းများ အတွက် အသေးစိတ်လေ့လာမှု ဆောင်ရွက်ခြင်း (Feasibility Study)၊ လေ့လာမှု ရလဒ်အပေါ် အခြေခံ၍ အကောင်အထည်ဖော်ခြင်း (Implementation) စသည်ဖြင့် အချိန်ကာလ ကြာမြင့်စွာ ပြင်ဆင်ရသည်ကို သိရှိကြမည်ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံ များကို ရေရှည် တည်တံ့ရန်အတွက် ဆောင်ရွက်ရတာဖြစ်လို့ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာ ဆောင်ရွက်ကြရန် စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် ပြည်တွင်း ပုဂ္ဂလိကများ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပမိတ်ဆွေ နိုင်ငံများ၏ ချေးငွေများနဲ့ အကောင်အထည်ဖော်ရခြင်းဖြစ်၍ တာဝန်ရှိသူ အဆင့်အဆင့်အနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ္ဍာငွေများ ကို အကျိုးရှိစွာ ဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံ နည်းပညာများရရှိရေးအတွက် ကြိုးစား လေ့လာ သင်ယူ ဆောင်ရွက်ကြရေး၊ ဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းကောင်း ပီသစွာ ကဏ္ဍအလိုက် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေရေး၊ ပုံမှန် ပြေးဆွဲနေသော ရထားများ အမြန်ပြန်လည် ပြေးဆွဲ ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ လက်ရှိတွင် COVID-19 ကာလ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ရင်ဆိုင် ကြုံတွေ့ နေရသော်လည်း မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်း များနှင့် လုပ်ငန်း ကန်ထရိုက်တာများ၊ ကုမ္ပဏီများ အနေဖြင့် သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပါကြောင်း ပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရှင်းလင်းဆောင်ဝန်းအတွင်းရှိ သံလမ်း(၈)ချောင်း ဂဟေဆက် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး သံလမ်းဆက်လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေမန်နေဂျာ ဦးမောင်မောင်သွင်မှ ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အုတ်တွင်းဘူတာမှ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာရာ ပိန်းဇလုတ်ဘူတာသို့ ရောက်ရှိပြီးနောက် ပိန်းဇလုတ်ဘူတာမှ တောကျွဲအင်း ဘူတာအထိ (၁၇.၂၅)မိုင်အား သံလမ်းပြေးယာဉ် (RGC) ဖြင့် သံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ စစ်ဆေးချိန်တွင် လုပ်ငန်းခွင်အတွင်းရှိ ဝန်ထမ်းများအား စားသောက်ဖွယ်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာ ရာ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာကြားရှိ တံတားအမှတ် (၁၈၃) သို့ ရောက်ရှိ၍ တံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ မြေသားလုပ်ငန်း ဆောင်ရွက်နေမှု အားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များအပေါ် လုပ်ငန်း လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးဘူတာသို့ ရောက်ရှိပြီး ဖြူးဘူတာ တည် ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဖြူးဘူတာရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ ဖြူးဘူတာရေရှည်တည်တံခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး တာဝန်များကိုကျေပြွန်စွာ ထမ်းဆောင်ကြရေး မှာကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

ထို့နောက်တိုင်းအမှတ် (၆)မှ တာဝန်ရှိသူများကို ရန်ကုန်-မန္တလေးရထားလမ်းများ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ တံတားအမှတ် (၂၀၃) သို့ ရောက်ရှိ၍ တံတားကြီး တည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာတွင် လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန