ရန်ကုန်-မန္တလေး လမ်းပိုင်း၌အမှတ်(၁)အဆန်၊အမှတ်(၂)အစုန် စာပို့ရထားနှင့်ပဲခူး-ရန်ကုန် လမ်းပိုင်းတွင် အမှတ်(၁၃)အဆန်၊ အမှတ်(၁၄)အစုန် RBE ရထားများပြေးဆွဲမည်

နေပြည်တော် မေ ၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊မြန်မာ့မီးရထားသည် ရထားစီးခရီးသွားမိဘပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန် - နေပြည်တော်၊ ရန်ကုန် - မော်လမြိုင်၊ ရန်ကုန် - ပြည် လမ်းပိုင်းများအား ပြေးဆွဲပေးလျက်ရှိရာ ယခုထပ်မံ၍ ရန်ကုန် - မန္တလေးလမ်းပိုင်း၌ အမှတ်(၁)အဆန်၊ အမှတ် (၂) အစုန် စာပို့ရထားနှင့် ပဲခူး - ရန်ကုန်လမ်းပိုင်း၌ အမှတ်(၁၃)အဆန်၊ အမှတ်(၁၄)အစုန် RBE လူစီး ရထား ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန်စာပို့ရထား ခရီးစဉ်ကို မေလ ၆ ရက်နေ့တွင်စတင်ပြေးဆွဲမည်ဖြစ်ပြီး အမှတ်(၁)အဆန်စာပို့ရထားသည် ရန်ကုန်မှ နံနက် ၈ နာရီခွဲ တွင်ထွက်ခွာ၍ မန္တလေးသို့နောက်တစ်နေ့ နံနက်၆နာရီ၄၅မိနစ်တွင်ရောက်ရှိမည်ဖြစ်သည်။ အမှတ်(၂)အစုန် စာပို့ရထားသည် မန္တလေးမှ နံနက် ၇ နာရီထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့နံနက် ၅ နာရီ ၁၅ မိနစ် တွင်ရောက်ရှိမည်ဖြစ်သည်။ တွဲဆိုင်းဖွဲ့ဆင်မှုမှာ စက်ခေါင်းမောင်းနားနေတွဲ ၁ တွဲ၊ ရိုးရိုးတန်း ၂ တွဲ၊ စာတိုက်တွဲ၁တွဲ၊ ဘရိတ်၁တွဲ၊ လပ်ဂိတ်၃တွဲ ပါရှိပါသည်။ လမ်းခရီးတွင် ဘူတာ ၃၁ ဘူတာ၌ ရပ်တန့် ပေးသွားမည်ဖြစ်ပြီး ခရီးသည်များ စီးနင်းလိုက်ပါနိုင်ကြောင်းနှင့် ပါဆယ်ပစ္စည်းတင်ပို့ခြင်းများ ပြုလုပ် နိုင်မည်ဖြစ်ပါသည်။

ထိုနည်းတူ ရန်ကုန်-ပဲခူးလမ်းပိုင်၌ အမှတ်(၁၃)အဆန်၊ အမှတ်(၁၄)အစုန် RBE လူစီးရထားတွဲ ၂ တွဲဖြင့် မေလ ၈ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး အမှတ်(၁၄)အစုန်ရထားသည် ပဲခူးမှ နံနက်၆နာရီ ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ အဆိုပါ RBE လူစီးရထား အား အမှတ်(၁၃)အဆန် ရထားအဖြစ် ရန်ကုန်မှ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍ ပဲခူးသို့ ည ၆ နာရီခွဲ တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

မြန်မာ့မီးရထား