ရေယာဉ်တွင် တပ်ဆင်ထားသော ဆက်သွယ်ရေးပစ္စည်းများလိုင်စင် ရရှိရေးအတွက် Mobile Team စေလွှတ်ဆောင်ရွက်

 

မြန်မာ့ပင်လယ်ပြင်ရှိ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များတွင် တပ်ဆင်ထားသော ဆက်သွယ်ရေးပစ္စည်းများကို ဆက်သွယ်ရေးဥပဒေနှင့်နည်းဥပဒေများအရ လိုင်စင် (Ship Station လိုင်စင်) ရယူနိုင်ရေး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်တွင် ဆောင်ရွက်ပေးလျက်ရှိ သော်လည်း တနင်္သာရီတိုင်း ဒေသကြီးနှင့်မွန်ပြည်နယ်တို့မှ ငါးဖမ်းရေယာဉ်များ ဆက်သွယ်ရေးလိုင်စင် ရယူရာတွင် နေပြည်တော်နှင့်အလှမ်းဝေးကွာခြင်း၊ ကိုယ်စားလှယ်အဆင့်ဆင့်ဖြင့် ဆောင်ရွက်ရခြင်း စသည်တို့ကြောင့် အချိန် ကြန့်ကြာမှု ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြလမ်းညွှန်ချက်ခံယူကာ ငါးလုပ်ငန်းဦးစီးဌာန၊ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့်ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး သို့ Mobile Team စေလွှတ်၍ ဆက်သွယ်ရေးပစ္စည်းဆိုင်ရာလိုင်စင်များ ဆောင်ရွက်ပေးခဲ့ ပါသည်။

Mobile Team သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ ဇူလိုင်လ ၆ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၁၁၉ စီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့်မြိတ်မြို့များတွင် ၆၉၅ စီး၊ စုစုပေါင်း ၈၁၄ စီးအား လိုင်စင်သက်တမ်းတိုးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

ငါးဖမ်းရာသီအမှီ ငါးဖမ်းရေယာဉ်များ Ship Station လိုင်စင်သက်တမ်းတိုးမြှင့်ရန် လိုအပ် သည် ဖြစ်ရာ လိုင်စင်ကိစ္စအား Online မှလျှောက်ထားခြင်း၊ Online ငွေပေးချေမှု စနစ်ကို ဆောင်ရွက်နိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ Online စနစ်မပေါ်ပေါက်မီနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်ရုံးခွဲများ မဖွင့်နိုင်သေးမီ Ship Station လိုင်စင်သက်တမ်းတိုး လျင်မြန်စွာ ဆောင်ရွက်ပေး နိုင်ရေး သက်ဆိုင်ရာဦးစီးဌာနများနှင့် ညှိနှိုင်း၍ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အခါအားလျော်စွာ Mobile Team စေလွှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လှိုင်းနှုန်းစဉ်ဆိုင်ရာနည်းဥပဒေများအရ ရေကြောင်း သို့မဟုတ် လေကြောင်း ဆက်သွယ်ရေးလှိုင်းနှုန်းအသုံးပြုသူများသည် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနမှ အသိအမှတ်ပြုထားသည့် ကျွမ်းကျင်မှုလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ရန် လိုအပ်သဖြင့် ရေယာဉ် ပေါ်ရှိ ဆက်သွယ်ရေးစက်များကို ကိုင်ဆောင်သူများအား သက်ဆိုင်ရာဦးစီးဌာနအသီးသီးနှင့် ညှိနှိုင်းကာ သင်တန်းပို့ချပြီး အရည်အချင်းစစ်ဆေးကာ အောင်လက်မှတ်များ အသိအမှတ်ပြု ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။