လပွတ္တာတံတား(ပင်လယ်လေး) ပြုပြင်နေစဉ်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှု မရှိစေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ “ဇက်-၁၁၀” ရေယာဉ် ဖြင့် ကညင်ကိုင်း-ကံ့ကော်ကုန်း ဇက်ကူးတို့လမ်းပြေးဆွဲ

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွှေလောင်းတံတား၊ ဝါးခယ်မတံတားနှင့် လပွတ္တာ (ပင်လယ်လေး) ကြိုးတံတား သုံးစင်းကို အဆင့်မြှင့်တင် တည်ဆောက်နေစဉ် ကာလအတွင်း လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှု မရှိစေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဇက်ကူးတို့လမ်းများ ပြေးဆွဲ ပေးလျက်ရှိရာ ပထမဆုံး ခရီးလမ်း အနေဖြင့် လပွတ္တာတံတား (ပင်လယ်လေး) ကညင်ကိုင်း-ကံ့ကော်ကုန်း ဇက်ကူးတို့လမ်းကို “ဇက်-၁၁၀” ရေယာဉ်ဖြင့် (၁၀.၁၂.၂၀၁၈) ရက်နေ့ နံနက်(၀၉:၀၀) နာရီမှ စတင်၍ ပြေးဆွဲ ပေးလျက် ရှိကြောင်း သိရသည်။

ပြေးဆွဲမည့် အစီအစဉ်မှာ နေ့စဉ် (၁၀) ခေါက်နှုန်းဖြင့် နံနက် ၀၆:၀၀ နာရီ အချိန်တွင် မြောင်းမြ (ကညင်ကိုင်း) ဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး၊ ညနေ (၇:၀၀) နာရီအချိန်တွင် လပွတ္တာ (ကံ့ကော်ကုန်း) ဆိပ်ကမ်းမှ နောက်ဆုံးအခေါက် ပြန်လည် ထွက်ခွာမည် ဖြစ်ပါသည်။ သွားလာမှု များသည့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မိနစ် (၃၀) ကြားတစ်ကြိမ်နှုန်း ပြေးဆွဲပေးပြီး၊ သွားလာမှုနည်းသည့် နေ့လယ်ပိုင်းတွင် (၁)နာရီကြား တစ်ကြိမ် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဇက်ကူးတို့ဖြင့် နေ့စဉ် ဖြတ်သန်း သွားလာကြမည့် ဒေသခံ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်မှတ်ခနှင့် ၎င်းတို့ စီးနင်းလာသော စက်ဘီး၊ ဆိုင်ကယ် အတွက် တန်ဆာခကို ကောက်ခံခြင်း မပြုဘဲ အခမဲ့ (အခမဲ့) လိုက်ပါ တင်ဆောင်ခွင့် ပြုထားပြီး၊ အခြား ခရီးသည်များ စီးနင်းလာသည့် စက်ဘီးအတွက် လူခ အပါအဝင် ၂၀၀ ကျပ်၊ ဆိုက်ကား အတွက် လူခအပါအဝင် ၃၀၀ ကျပ် နှင့် မော်တော်ဆိုင်ကယ်အတွက် လူခ အပါအဝင် ၅၀၀ ကျပ်နှုန်းသာ ကောက်ခံလျက် ရှိကြောင်း သိရသည်။ ကုန်တင်ခအနေဖြင့် ကုန် (၁)တန်လျင် ၁၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး၊ မော်တော်ယာဉ်များအတွက် တန်ဆာခ နှုန်းထားကိုလည်း တန်ချိန် အလိုက် သင့်တင့်သည့် နှုန်းထား သတ်မှတ် ကောက်ခံလျက်ရှိကြောင်း သိရသည်။