အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၉

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council - NRSC)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကောင်စီအဖွဲ့ဝင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယနေ့ကျင်းပသည့် အစည်းအဝေးသည် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးနောက် တတိယအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ယခင်နှစ် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းဖြစ်ပေါ်ခဲ့သည့် ယာဉ်တိုက်မှုအခြေအနေများကို သုံးသပ်ဆွေးနွေးပြီး ယခုနှစ်စီမံဆောင်ရွက်သင့်သည့်အချက်များ၊ ယာဉ်တိုက်မှု လျော့နည်းကျဆင်းရေးအတွက် မြန်မာနိုင်ငံ၏ National Road Safety Action Plan(2021-2030) လုပ်ငန်းစီမံချက်ပါ အဓိကရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအတိုင်း မျက်ခြည်မပြတ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ယခင်နှစ်အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့မှုများနှင့် ယခင်နှစ်များထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းသွားရမည့် ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ချမှတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၌ ရေရှည်အထောက်အကူပြု လွှမ်းခြုံဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၃၀)ကို ကဏ္ဍကြီး(၈)ရပ်၊ လုပ်ငန်းစဉ်ပေါင်း ၁၀၈ ခုတို့ဖြင့် ရေးသားပြုစုချမှတ် ထားပြီးဖြစ်ပါကြောင်း၊ NRSCက ချမှတ်ထားသည့် Quick Win အစီအမံ(၅)ရပ်နှင့် လုပ်ငန်းစီမံချက်(၂၀၂၁- ၂၀၃၀) တို့သည် ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး မဏ္ဍိုင်ကြီး(၅)ရပ်ဖြစ်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု (Road Safety Management)၊ ပိုမို အန္တရာယ် ကင်းသောလမ်းများနှင့် ယာဉ်သွားလာမှု (Safer Road and Mobility)၊ ပိုမိုအန္တရာယ်ကင်းသောယာဉ်များ (Safer Vehicles)၊ ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users)နှင့် ယာဉ်တိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှု (Post-Crash Response) တို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုထားသည့် Global Road Safety Plan ပါ Voluntary Targets ၁၂ ချက်ကိုပါ အခြေခံ၍ ပြုစုရေးဆွဲချမှတ်ထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆပ်ကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ်ကောင်စီများအနေဖြင့် လုပ်ငန်း Guidelines သဖွယ်ဖြစ်သည့် Quick Win အစီအမံများနှင့် Action Plan ပါ ရေတို/ရေရှည် လုပ်ငန်းစီမံချက်များကို အထူးအလေးထား ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစီမံချက် National Road Safety Action Plan (2021-2030)ပါ ရည်ရွယ်ချက်၊ ရည်မှန်းချက်လုပ်ငန်းစဉ်များနှင့် Quick Win အစီအမံ(၅)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက ၂၀၂၃ ခုနှစ် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ နှစ်ချုပ်အစီရင်ခံစာနှင့် Global Status Report on Road Safety (2023) ပါ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှု လေ့လာတင်ပြချက်များကို သုံးသပ်လျက် ကမ္ဘာတစ်ဝန်းယာဉ်တိုက်မှုကြောင့်သေဆုံးမှုသည် ၂၀၁၈ ခုနှစ် နောက်ပိုင်း ကျဆင်းလာသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း၊ လူဦးရေတစ်သိန်းလျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးမှုကြိတ်နှုန်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၅ ဦးနှုန်းအထိကျဆင်းခဲ့ပြီး မြန်မာနိုင်ငံ၌ ၅ ဒသမ ၇၁ ဦး နှုန်း အထိကျဆင်းခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းနှစ်ဘီး၊ သုံးဘီးတပ်ယာဉ်တိုက်မှုကြောင့် သေဆုံးမှုသည် ၂၁ ရာခိုင်နှုန်းသာရှိသော်လည်း အရှေ့တောင်အာရှဒေသနိုင်ငံများ၌ ၄၈ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၌ ၄၅ ရာခိုင်နှုန်းရှိနေကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပထမ ၁၀ စုနှစ် ဖြစ်သော ၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း ရည်မှန်းချက်ဖြစ်သည့် တွက်ချက်မှုအခြေခံ နှစ် ၂၀၁၀ ပြည့်နှစ်၏ ယာဉ်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရမှုနှုန်းအား ၂၀၂၀ ပြည့် နှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေးရည်မှန်းချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံသာရှိပြီး မြန်မာနိုင်ငံအပါအဝင် ကျန်နိုင်ငံအများစုမှာ ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ Five Key Risk Factors နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စီမံခန့်ခွဲရေးကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ အတွင်းရေးမှူးများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် NRSC ၏ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ပြီးစီးမှုများကို လည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက NRSC ၏ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် Quick Win အစီအမံ (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်ဖောက်ဖျက်မှု၊ စနစ်တကျစောင့်ကြည့်မှု၊ အရေးယူဆောင်ရွက်မှု၊ ပြည်သူများအား အသိပညာပေးမှု၊ ယာဉ်အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များအား ပြည်သူများသိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်ထားရှိမှု၊ ရှေးဦးပြုစုခြင်း သင်တန်းများဖွင့်လှစ်ပေးမှုနှင့် ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှု၊ လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများပြင်ဆင်ဆောင်ရွက် ထားရှိမှုကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန