အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

( ၉ - ၅ - ၂၀၂၃ )

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ ပို့ဆောင် ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့ နေ့လယ် (၂) နာရီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဒုတိယဥက္ကဋ္ဌ (၁) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ကော်မတီအဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဘင်္ဂလားပင်လယ်အော်၌ မကြာမီ ဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက် နိုင်မှု အခြေအနေအပေါ် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများတွင် မိမိတို့ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန် အတွက် ညှိနှိုင်းအစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အစား အသောက်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ယခုကတည်းက တည်မြဲအမိန့်ပါအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များ ပေါင်းစပ်ကာ တာဝန်များခွဲဝေ၍ စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်မှုပြုထားပြီးဖြစ်ရာ မုန်တိုင်း ဝင်ရောက်နိုင်သည့် ဒေသများတွင် ဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် အင်တာနက်နှင့် တယ်လီဖုန်းအသုံးပြုနိုင်သော ဂြိုလ်တုဆက်သွယ်ရေးစနစ်များနှင့် ရွေ့လျား မိုဘိုင်းတာဝါယာဉ်များအား အသင့်ပြင်ဆင်ထားရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ မုန်တိုင်းအန္တရာယ်ကျရောက်သည့် ဒေသများသို့ လိုအပ်သည့် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ပါရန် မော်တော်ယာဉ်များ၊ ယန္တရားများ အသင့်စုဖွဲ့ထားပြီး ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် ပို့ဆောင် နိုင်ရေးအတွက် ချဉ်းကပ်လမ်းကြောင်း၊ အရန်ချဉ်းကပ်လမ်းကြောင်းများ ကြိုတင်စီမံပြုစုထားရန် လိုအပ်ကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အဖွဲ့အောက်ရှိ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်လာကြသူများက  မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဆက်သွယ်မှု မပြတ်တောက်စေရေးဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း တင်ပြရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်စွက်မှာကြားခဲ့ပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန