အာဆီယံ-ဂျပန် အရေးကြီးသတင်းအချက်အလက် အခြေခံ အဆောက်အဦကာကွယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်များတက်ရောက်

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂ ရက်မှ ၅ ရက်အထိ အာဆီယံ-ဂျပန်ဆိုက်ဘာလုံခြုံရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ကျင်းပလျက် ရှိပြီး ပထမရက်အဖြစ် အာဆီယံ-ဂျပန် အရေးကြီးသတင်းအချက်အလက်အခြေခံ အဆောက်အဦ ကာကွယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အဦဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို In-Person နှင့် Online စနစ်တက်ရောက်နိုင်သည့် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ In-Person နှင့် Online စနစ် ၂ မျိုးဖြင့် ကိုယ်စားလှယ် ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း၊ အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အဦ (CII) ကာကွယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်း၊ ကိုရီးယားနိုင်ငံ၊ နယ်သာလန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ပညာရှင်များ၊ တာဝန်ရှိသူများက အရေးကြီးသတင်းအချက်အလက် အခြေခံအဆောက်အဦကဏ္ဍများရှိ သတင်းအချက်အလက်များအား ကာကွယ်ထိန်းသိမ်းခြင်း၊ သတင်းအချက်အလက်များ ထိန်းသိမ်းမှု အကောင်အထည်ဖော်ဆောင်ခြင်း နည်းလမ်းများ၊ CII ကဏ္ဍများ၏ ဆိုက်ဘာကြံ့ခိုင်မှု အလေ့အကျင့်ကောင်းများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများအား တုံ့ပြန်ခြင်းဆိုင်ရာ နည်လမ်းများကို မျှဝေဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်များက ဆိုက်ဘာလုံခြုံရေးပြဿနာများ ဆွေးနွေးအဖြေရှာခြင်း (Tabletop Exercise)၊ တတိယနေ့နှင့် စတုတ္ထနေ့တွင် တတိယအကြိမ် အာဆီယံ-ဂျပန် လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်ကြောင်းသိရှိရ ပါသည်။