အီလက်ထရောနစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ အာဆီယံသဘောတူစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မှ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ

နေပြည်တော် နိုဝင်ဘာလ ၁၂ ရက်

ယနေ့ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အီလက်ထရောနစ်ဆက်သွယ်ရေးနည်းဖြင့် ကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ အာဆီယံသဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ၁၄-၁၁-၂၀၁၈ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။ ဆွေးနွေးချက်အပြည့်အစုံမှာ -

အာဆီယံ၏ စီးပွားရေးရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိစေရန်အတွက် AEC (ASEAN Economic Community) Blueprint 2025၊ e-ASEAN Framework Agreement နှင့် ASEAN ICT Master Plan 2020 တို့တွင်ပါဝင်သည့် လုပ်ငန်းစဉ်များကို အာဆီယံနိုင်ငံများမှ အကောင် အထည်ဖော်ဆောင်လျက်ရှိရာတွင် မြန်မာနိုင်ငံသည်အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ပြည့်မှီအောင် လိုက်ပါဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း
ထိုသို့ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက်၊ ကဏ္ဍအလိုက် နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်သွား နိုင်ရန်ရည်ရွယ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ “အာဆီယံဒေသတွင်းထုတ်လုပ်မှုနှင့် စျေးကွက် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရေးလုပ်ငန်းစီမံချက်”အား ရေးဆွဲခဲ့ရာ ၂၁-၄-၂၀၁၇ ရက်နေ့တွင် ကျင်းပ သော စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၇/၂၀၁၇) ဖြင့် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ စီမံချက်တွင် လုပ်ငန်းကော်မတီ (၂၂) ခုပါဝင်သည့်အနက် IT and e-Commerce လုပ်ငန်း ကော်မတီ ၌ ဤဝန်ကြီးဌာနမှ ပါဝင်၍ အာဆီယံအစည်းအဝေးများတွင် ပူးပေါင်းလိုက်ပါ ဆောင်ရွက်လျက် ရှိပါကြောင်း
အထက်ဖေါ်ပြပါ လုပ်ငန်းစဉ်များတွင်ပါဝင်သည့် E-Commerce အပိုင်းအား  အကောင်အထည်ဖေါ် ဆောင်သွားနိုင်ရန် ASEAN Coordinating Committee on E-Commerce (ACCEC) အား Senior Economic Officer Meeting  (SEOM) မှ ၂၀၁၆ ခုနှစ်တွင် သီးခြားဖွဲ့စည်းပေးခဲ့ပြီး မြန်မာနိုင်ငံမှ Focal person (၇) ဦး တက်ရောက် ဆွေးနွေးညှိနှိုင်းခဲ့ရာ နည်းပညာအပိုင်းကို အကူအညီပေးရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ITCS ဌာနမှ ညွှန်ကြားရေးမှူး တစ်ဦး လိုက်ပါဆောင်ရွက်လျက်ရှိပါကြောင်း၊ (၁၀) ကြိမ် မြောက် ACCEC အစည်းအဝေး၌ ASEAN Agreement on Electronic Commerce သဘောတူစာချုပ်အား အပြီးသတ် ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ယနေ့ စင်္ကာပူနိုင်ငံ၌ ကျင်းပနေသည့် (၁၇) ကြိမ်မြောက် AEC Council အစည်းအဝေး၌ အာဆီယံစီးပွားရေး ဝန်ကြီးများမှ လက်မှတ်ရေးထိုးသွားရန် ဖြစ်ပါကြောင်း
ယခု ASEAN Agreement on Electronic Commerce သဘောတူစာချုပ်သည် AEC  Blueprint 2025 တွင် ပါဝင်သည့် လုပ်ငန်းစဉ်များအနက်မှ ၂၀၁၈ခုနှစ်တွင် အပြီးသတ် ဆောင်ရွက် ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အာဆီယံဒေသတွင်း Cross Border e-Commerce Transaction များ လွယ်ကူချောမွေ့စေရန်၊ e-Commerce အသုံးပြုမှုအပေါ် ယုံကြည်၊ စိတ်ချရသည့် ဝန်းကျင်ကောင်း တစ်ရပ်ဖန်တီးရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား e-Commerce ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့် တိုးတက်စေပြီး အာဆီယံဒေသတွင်း Development Gaps ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ချုပ်ဆိုမည့် စာချုပ်ဖြစ်ပါကြောင်း
မြန်မာနိုင်ငံသည် ဤစာချုပ်တွင်ပါဝင်သော e-Commerce လုပ်ငန်းများဆောင်ရွက်သွားနိုင်ရန် အတွက် ဥပဒေ၊ စည်းမျဉ်းများ ပြဋ္ဌာန်းရန်နှင့် e-Commerce အသုံးပြုသူများ ယုံကြည်စိတ်ချစွာ အသုံးပြုသွားနိုင်ရန်အတွက် လုံခြုမှုစနစ်များ တည်ဆောက်ရန် အချိန်လိုအပ်ခြင်းတို့ကြောင့် Electronic Authentication and Electronic Signatures နှင့် Online Consumer Protection အခန်းတို့တွင် ပါဝင်သော လုပ်ငန်းများကို စာချုပ်စတင် အသက်ဝင်သည့်နေ့မှ စတင်၍  (၅) နှစ် အတွင်း လိုက်ပါ ဆောင်ရွက်ရန် ကင်းလွတ်ခွင့် တောင်းခံခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် Cyber Law နှင့် e-Commerce Law တို့ ပြဌာန်းရန်လိုအပ်နေပါသေးကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပြဌာန်းရန်လိုအပ်နေသော အချက်များကို (၅) နှစ်အတွင်းပြီးအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဤစာချုပ်တွင် ဖော်ပြထားပါကြောင်း
သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံသည် စာချုပ်ပါ ရည်ရွယ်ချက်များအား  အခြားအဖွဲ့ဝင်နိုင်ငံများတန်းတူ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ Digital Innovation နှင့် Seamless Logistics တို့အတွက် အထောက်အပံ့ကောင်းများ ရရှိစေမည် ဖြစ်ပြီး အာဆီယံဒေသတွင်း ပေါင်းစပ်ဆက်သွယ်မှု (Institutional connectivity) ကိုလည်း ပိုမို ကောင်းမွန်လာစေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ကူးပြောင်းမှုဖြစ်စဉ် အောင်မြင်စေရေး အတွက် အားပေးကူညီပေးနိုင်မည် ဖြစ်ပါသဖြင့် ဤအာဆီယံသဘောတူစာချုပ်အား အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ဤလွှတ်တော်မှ အတည်ပြုပေးစေ လိုပါကြောင်း ပြောကြားခဲ့ပါသည်။