၂၀၁၈ ခုနှစ် အာဆီယံ အိုင်စီတီပြိုင်ပွဲ ၂၀၁၈ သို့ ICT လုပ်ငန်းရှင်များ ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ခြင်း

 

အာဆီယံဒေသတွင်း ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများအတွက် ASEAN ICT Masterplan အရ TELMIN နှင့် ASEAN Telecommunication and Information Technology Senior Officials Meeting (TELSOM) ၏စီစဉ်ဆောင်ရွက်မှုအောက်တွင် ASEAN ICT Awards ပြိုင်ပွဲအား ၂၀၁၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခု ၂၀၁၈ ခုနှစ် တွင်လည်း ASEAN ICT Awards ပြိုင်ပွဲကို နှစ်စဉ်ကျင်းပမြဲအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ရာ TELMIN အစည်းအဝေးအလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် အင်ဒိုနီးရှား နိုင်ငံမှ  ကြီးမှူး၍  ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ASEAN ICT Awards ပြိုင်ပွဲတွင် အဆင့် (၄) ဆင့် ရှိပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်သူများသည် ပြိုင်ပွဲဝင်ပုံစံ (Entry Form) နှင့် မိမိတို့ ယှဉ်ပြိုင်မည့်အကြောင်းအရာကို (၂) မိနစ်မှ (၅) မိနစ်ခန့် ဗီဒီယို Presentation အား .avi format ဖြင့် ပြုလုပ်ပေးပြီး သက်ဆိုင်ရာ Country Coordinator မှတဆင့်  ပေးပို့လျှောက်ထားရမည် ဖြစ် ပါသည်။ ဒုတိယအဆင့်တွင် online မှ ပဏာမ ရွေးချယ် စိစစ်ထားသည့် ပြိုင်ပွဲဝင်များ၏ ဗီဒီယို Presentation ကို အာဆီယံနိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ် ဒိုင်များမှ Online ဖြင့် Preliminary Judging ပြုလုပ်မည်ဖြစ်ပြီး၊ တတိယအဆင့်တွင် Online Preliminary Judging ဖြင့် ပဏာမ ရွေးချယ်ထားသည့် ခေါင်းစဉ် (၆) ခုမှ အမှတ်အများဆုံး ရရှိသည့် အဖွဲ့ (၃) ဖွဲ့စီအား ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲဝင်အကြောင်းအရာနှင့် ပက်သက်၍ ကိုယ်တိုင် Presentation ပြုလုပ်ပေး ရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ Presentation ကို အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့်  ပြိုင်ပွဲဝင်နိုင်ငံများ၏ အကဲဖြတ် ဒိုင်တို့မှ Final Judging ပြုလုပ်၍ ခေါင်းစဉ် (၁) ခုချင်းစီအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို ရွေးချယ်ခြင်းနှင့် စတုတ္ထအဆင့် (နောက်ဆုံးအဆင့်) တွင် ဆုရရှိသူများကို ASEAN Telecommunication and Information Technology Ministers Meeting (TELMIN) အစည်းအဝေးကြီး၏ ညစာစားပွဲ (Gala Dinner) တွင် အာဆီယံနိုင်ငံများ၏ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာ ဆိုင်ရာ ဝန်ကြီးများက  ဆုရရှိသူများကို ဆုပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲအမျိုးအစားအားခေါင်းစဉ် (၆) ခုဖြင့် သတ်မှတ်ထားပြီး ယင်းတို့မှာ-

  1. Public Sector
  2. Private Sector
  3. Corporate Social Responsibility
  4. Digital Content
  5. Startup Company  နှင့်
  6. Research and Development တို့ဖြစ်ပါသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်၍  ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ Entry Form နှင့် မိမိတို့ယှဉ်ပြိုင်မည့် အကြောင်းအရာ အား (၂) မိနစ်မှ (၅) မိနစ်ခန့် ဗွီဒီယိုဖိုင်အား .avi format ဖြင့်ပြုလုပ်ပေးပြီး မြန်မာနိုင်ငံ၏  ASEAN ICT Awards Country Coordinator ဖြစ်သည့်၊ ဒေါ်အေးအေးသင်း၊ e-mail -  [email protected], [email protected],  Phone No - 01-652307 ထံသို့ ပေးပို့လျှောက်ထားရန် ဖြစ်ပါသည်။ ASEAN ICT Awards 2018 နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ သိရှိလိုပါက www.aseanictaward.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ အာဆီယံရေးရာ ဌာနခွဲ၊ ဖုန်းအမှတ် ၀၆၇-၄၀၇၂၃၁ ထံသို့လည်းကောင်း၊ ဒေါ်အေးအေးသင်း၊ Coordinator, ASEAN ICT Awards၊  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ဖုန်းအမှတ် ၀၁-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃ ထံသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပြိုင်ပွဲဝင်လျှောက်လွှာ များကို အချိန်မီပေးပို့နိုင်ပါရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ICT ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသူ ပြိုင်ပွဲဝင်များနှင့် စိတ်ပါဝင်စားသူများအား ပြိုင်ပွဲသို့ ပါဝင်ဆင်နွဲနိုင်ပါရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။