(၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်

ရက်စွဲ၊၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်

နေပြည်တော်

၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) နေ့၌ ကျရောက်သည့် (၆၂) ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်း အမှတ် အခမ်းအနားကို နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက အဖွင့် အမှာစကား ပြောကြားရာတွင် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် မတ်လ (၂၃)ရက်နေ့ ရောက်တိုင်း ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခု (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်မှာ “သဘာဝဘေးအန္တရာယ် လျော့ပါရေး ကြိုတင်သတိပေးမှုနှင့် တုံပြန်ဆောင်ရွက်မှုကို မြှင့်တင်ပေး”   (“Early Warning and Early Action. Hydrometeorological and Climate Information for Disaster Risk Reduction’’) ဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဉတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနှင့် ရာသီဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်များသည် ကမ္ဘာ့နေရာ အနှံ့အပြားတွင် ပိုမို ဖြစ်ပွားလာခဲ့ရာ အထူးသဖြင့် ကျွန်းနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများဟာ ရာသီဉတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံး ဒေသများ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဉတု ပြောင်းလဲလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း သိသိသာသာ ခံစားနေရပါကြောင်း၊ မုတ်သုံ အဝင် နောက်ကျခြင်း၊ အထွက်စောခြင်း တို့ကြောင့် ပျမ်းမျှ မုတ်သုံ ကာလများဟာ တိုတောင်းလာရာ ယခင်က မုတ်သုံကာလ (၁၄၄)ရက် ရှိခဲ့ရာမှ၊ ယခုအခါ မုတ်သုံကာလ (၁၂၁) ရက်သာ ရှိတော့တဲ့အတွက် မုတ်သုံကာလ (၃)ပတ်ကျော် လျော့နည်းခဲ့ပါကြောင်း၊ ယခုလတ်တလော ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် အနေဖြင့် မြန်မာ့ပင်လယ်ပြင်မှာ ဖြစ်ပေါ်သွားတဲ့ မုန်တိုင်းဟာ နှစ်ပေါင်း (၁၀၀)ကျော်အတွင်း မတ်လ၌ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခြင်းသည် ပထမဆုံး ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ Professor Petteri Taalas ၏ သဝဏ်လွှာ ကို ဗွီဒီယိုဖြင့် ပြသခဲ့ပါသည်။ ထို့နောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ Video Clip ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ်အခမ်းအနား ဆောင်ပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုချီးမြှင့် ပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် အခမ်းအနားတွင် ခင်းကျင်း ပြသထားသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသော ခေတ်မီပစ္စည်းကိရိယာများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုကြပါသည်။

နေ့ခင်းပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်းများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိတ်ဖက်ဌာနများဖြစ်သော ကျိုင်းတုံတက္ကသိုလ် (ပထဝီဝင်ဌာန)၊ ရန်ကုန်တက္ကသိုလ် (ပထဝီဝင်ဌာန)၊ လားရှိုးတက္ကသိုလ် (ဓါတုဗေဒဌာန)နှင့် နေပြည်တော်၊ စိုက်ပျိုးရေး သုတေသနဌာန(ရေဆင်း)တို့မှ စာတမ်းရှင်များက ဖတ်ကြားခဲ့ပါသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ကို (၁၉၅၁) ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး၊ ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၆၁)ခုနှစ်မှ စတင် ကျင်းပခဲ့ရာ ယနေ့တွင် (၆၂)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ ပါသည်။