ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း AI Governance and Digital Ethic နှင့် IT Service Management သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ၊ သင်တန်းကျောင်း ကျောင်းအုပ်နှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၅၁ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) က ဖွင့်လှစ်ခဲ့သည့် AI Governance and Digital Ethic သင်တန်းမှ AI နည်းပညာများကို အစိုးရအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအပိုင်းတွင် ထည့်သွင်းအသုံးချနိုင်မည့် နည်းလမ်းများ၊ နည်းပညာစိန်ခေါ်မှုများ နှင့် ဒစ်ဂျစ်တယ် ကျင့်ဝတ် စည်းကမ်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လေ့လာခဲ့ကြပြီး မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံ၏ စီးပွားရေးကဏ္ဍအလိုက် AI Roadmap ၊ AI Implementation Strategy များကို ရေးဆွဲနိုင်မည့် အသိပညာ၊ ဗဟုသုတများရရှိခဲ့ကြပြီဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး IT Service Management သင်တန်းမှ ဒစ်ဂျစ်တယ်အစိုးရ လုပ်ငန်းစဉ်များကို ထိရောက်အကျိုးရှိစွာ စနစ်တကျ အကောင်အထည် ဖော်ဆောင်နိုင်ရေး နှင့် နိုင်ငံတကာ စံချိန်စံညွှန်း တစ်ခုဖြစ်သည့် “ITIL” စနစ်အကြောင်း လေ့လာသိရှိပြီး ITIL တွင်ပါဝင်သည့် နည်းစနစ်များ၊ အလေ့အကျင့်ကောင်းများကို အကောင်းဆုံးအသုံးချ၍ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုရလဒ်များ ရရှိစေရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
CIO/ACIO များအနေဖြင့် မိမိတို့ဌာနရှိ ဝန်ထမ်းများကိုလည်း ယခုသင်တန်းမှရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာတွေကို ဆင့်ပွားသင်ကြားပေးခြင်းဖြင့် အဖွဲ့အစည်း၏ ဒီဂျစ်တယ်အသွင် ကူးပြောင်းမှု လုပ်ငန်းစဥ်များနှင့် မဟာဗျူဟာများ အကောင်အထည်ဖော်ရာမှာ တီထွင်ဆန်းသစ်သည့် နည်းလမ်းများ၊ အတွေးအခေါ်ကောင်းများ၊ ရှေ့ဆက်သွားမည့် မူဝါဒလုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) မှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင်ခဲ့ပြီး AI Governance and Digital Ethic သင်တန်းမှ သင်တန်းသား/သင်တန်းသူများ ကိုယ်စား CIO တစ်ဦးနှင့် IT Service Management သင်တန်းမှ သင်တန်းသား/သင်တန်းသူများ ကိုယ်စား CIO တစ်ဦးတို့မှ သင်တန်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပြောကြားကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။