Basic Networking /Responsive Web Design using Bootstrap 5 /Microsoft Office Excel သင်တန်း

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း (ပထမအကြိမ်) Microsoft Office Excel 2019 (Online) သင်တန်းနှင့် (ဒုတိယအကြိမ်) Basic Networking Course နှင့် Responsive Web Design using Bootstrap 5 သင်တန်းများဖွင့်ပွဲကို ဇူလိုင်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ် ဦးလှိုင်မျိုးကျော်၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ စုစုပေါင်းသင်တန်းသား (၄၅)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။ 
   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ပထမသင်တန်းဖြစ်သော Basic Networking သင်တန်းသည် အခြေခံကွန်ပျူတာကွန်ရက် ချိတ်ဆက်ခြင်းနည်းပညာများ သိရှိနိုင်ရန်၊ အင်တာနက် ပရိုတိုကောလ်လိပ်စာများ စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ Local Area Network (LAN) နက်ဝက်ကွန်ရက်များ ချိတ်ဆက်ခြင်းအတွက် လိုအပ်သော အခြေခံ Switching/ Routing နည်းပညာများကို သိရှိနားလည်၍ ရုံးတွင်းနက်ဝက်ချိတ်ဆက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန်နှင့် ဒုတိယသင်တန်းဖြစ်သော Responsive Web Design using Bootstrap 5 သင်တန်းသည် Website စာမျက်နှာများ၏ ဒီဇိုင်းများကို Bootstrap 5 အသုံးပြုပြီး လှပသေသပ်စွာ ရေးသားနိုင်ရန်၊ မတူညီသော device အမျိုးမျိုး၏ Screen Size များအတွက် ကြည့်ရလွယ်ကူသည့် Layout ဒီဇိုင်းပုံစံများ ဖန်တီးနိုင်ရန်နှင့် Responsive Web Design Concept များကို သိရှိနားလည်ပြီး ဌာနအတွက် အသုံးတည့်မည့် Responsive Website တစ်ခု ရေးဆွဲနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။ 
    ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်က ဒီဂျစ်တယ်နည်းပညာခေတ်တွင် ICT  သည် လူတိုင်းအတွက် လိုအပ်သည့် အဓိကကျွမ်းကျင်မှုဖြစ်လာပြီး အမြဲတမ်းသင်ယူလေ့လာသွားဖို့ လိုအပ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေနဲ့ ပြည်သူ့ဝန်ထမ်းများပီပီ ပြည်သူကို ပိုမို မြန်ဆန်ထိရောက်စွာ ဝန်ဆောင်မှုများ ပေးနိုင်ရန် ICT နည်းပညာများ မပြတ်လေ့လာဆည်းပူး၍   e-Government စနစ် အောင်အောင်မြင်မြင် အကောင်အထည် ပေါ်လာသည်အထိ ဝိုင်းဝန်း ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ်မှ တတိယသင်တန်းဖြစ်သော Microsoft Office Excel 2019 သင်တန်းအား Online Application မှတဆင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ Microsoft Office Excel သင်တန်းသည်  စာရင်းဇယားများ တွက်ချက်ခြင်း၊ စီစစ်ခြင်း၊ Worksheet တစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုခြင်း၊ ဝန်ထမ်းတစ်ဦး၏ အသက်၊ လုပ်သက်၊ အငြိမ်းစား ယူမည့်နေ့တို့ကို တွက်ချက်ခြင်း၊ အစီရင်ခံစာ များတွင် Chart၊ Graphic ရေးဆွဲခြင်း၊ Workbook၊ Worksheet၊ Cell များကို လုံခြုံစွာ သိမ်းဆည်းနိုင်ခြင်း တို့ကို လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ သင်ကြားပို့ချခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    Basic Networking၊ Responsive Web Design using Bootstrap 5 နှင့် Microsoft Office Excel 2019 သင်တန်းများ၏ သင်တန်းကာလမှာ (၄.၇.၂၀၂၂) ရက်နေ့မှ (၂၂.၇.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းများအား classroom ၊ Online တို့ ဖြင့်ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။ 
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။