e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မေလ(၉)ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ရုံးအမှတ် (၂)၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အဖွင့်အမှာစကား ပြောကြား၍ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင်လုပ်ငန်းကော်မတီဥက္ကဋ္ဌ က e-Government လုပ်ငန်းစဉ်များ အောင်မြင်မှုနည်းပါးရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ပြီး ဆက်လက်၍ e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရေးအတွက် ဦးဆောင်ကော်မတီက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း ကွပ်ကဲကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ဥပဒေမူဘောင်၊ မူဝါဒများနှင့် စံချိန်စံနှုန်း သတ်မှတ်ချက်များကို အမြန် ရေးဆွဲပြဋ္ဌာန်းသွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ Myanmar e-Governance Master Plan တွင် ပါရှိသော လုပ်ငန်းစဉ်မူဘောင်နှင့် လမ်းပြမြေပုံများအား အခြေပြုပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို ပုံဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် Quick Win ဖြစ်စေမည့် လုပ်ငန်းများကို ရွေးချယ် သတ်မှတ်၍ သွက်လက်မြန်ဆန်စွာ စတင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်များကို သတ်မှတ်ပေးနိုင်ရေးအတွက် ပထမဦးစွာ အစိုးရဌာနများ၏ e-Government လုပ်ငန်းများကို စစ်တမ်း ကောက်ယူသွားမည်ဖြစ်ပြီး CIO များအား အစည်းအဝေးခေါ်ယူ၍ ရှင်းလင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် Ne-ID စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအဖွဲ့ (Sub Committee) များ လိုအပ်သလို ဖွဲ့စည်းသွားနိုင်ရေး ကိစ္စကိုလည်း ယနေ့အစည်းအဝေးတွင် ဆွေးနွေးသွားစေလိုပါကြောင်း၊ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်နိုင်မှု မရှိခြင်း၊  Project duplicate  ဖြစ်ခြင်းများကို ရှောင်ကြဉ်နိုင်စေရေးနှင့် နိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီးအကျိုးကျေးဇူး ထိထိရောက်ရောက် ရရှိစေရေး စနစ်တကျ စိစစ်ပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားနိုင်ရေး ဦးစီးလမ်းညွှန်သွားနိုင်ရန် e-Government ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီကို ၂၀၁၈၊ ဇန်နဝါရီလ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် e-Government စနစ်အကောင်အထည်ဖော်ရာ၌ ဌာနများမှ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး၊ သီးခြားစီ အကွဲကွဲအပြားပြား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသဖြင့် ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။ Myanmar e-Governance Master Plan ကို အခြေခံပြီး လုပ်ငန်းတွေကို ပေါင်းစပ် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ e-Governance လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် သုံးခုရှိပါကြောင်း၊ ပထမလုပ်ငန်းစဉ်အနေဖြင့် ဥပဒေမူဘောင်ချမှတ်သွားရမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင်Cyber Legal and Policy Framework (Cyber Law) ကို ရေးဆွဲသွား­­­­နိုင်ရန် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိပြီး၂၀၁၉ခုနှစ် အစောပိုင်းတွင် ဥပဒေမူကြမ်း ရရှိစေရန် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒုတိယလုပ်ငန်းစဉ်မှာ ICT Infrastructure ပိုင်း ဖြစ်ပြီး ၎င်းအပိုင်းတွင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်သည် လူဦးရေ၏ ၉၀ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံမိပြီးဖြစ်သည့်အတွက် ၎င်းအခြေအနေကောင်းများကို ထိရောက်စွာအသုံးချပြီး Mobile Application တွေကို ဦးစားပေးဆောင်ရွက်သွားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ Data Center တည်ဆောက်သည့် အပိုင်းတွင်လည်း သီးခြားစီ တည်ဆောက် အသုံးပြု ကြမည့့်် အစား စုစည်း တည်ဆောက်ပြီး မျှဝေ အသုံးပြုခြင်းအားဖြင့် တစ်စုတစ်ဝေးတည်း စီမံခန့်ခွဲနိုင်ပြီး လုံခြုံမှု ပိုမိုကောင်းမွန်လာမည် ဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီ e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း စီမံကိန်းကို အစိုးရဌာနအားလုံးမှ အသုံးပြုသွားနိုင်အောင် ရည်ရွယ်ပြီး ကိုးရီးယားသမ္မတနိုင်ငံ၏ EDCF ချေးငွေနင့့်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ICT Infrastructure သည် e-Government စနစ်တည်ဆောက်ရာတွင် အခြေခံကျသော အပိုင်းဖြစ်သောကြောင့် အကျိုးအမြတ်ရရှိရေးကို ဦးစားမပေးဘဲ ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှုရှိစေရေးကို ရှေးရူ၍ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တတိယလုပ်ငန်းစဉ်မှာ Application Software များဖြင့် ပြည်သူသို့ e-Service များ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းတွင် သဘောသဘာဝ တူညီသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနက တာဝန်ယူ အကောင်အထည်ဖော်ပြီး အားလုံးမျှဝေ အသုံးပြုနိုင်အောင် ဆောင်ရွက်ရမည့်လုပ်ငန်း (Common and Shared Application) အပိုင်းနှင့် သဘောသဘာဝ မတူညီတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်သွားရမည့် (Ministry Specific Applications) အပိုင်းတို့ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အချင်းချင်းအပြန်အလှန် လွယ်ကူစွာ ဆက်သွယ် ဆောင်ရွက်သွားနိုင်ရန် စံသတ်မှတ်ချက်များကို ချမှတ်၍ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အစိုးရဌာနအသီးသီး၏ e-Government လုပ်ငန်းများကို စစ်တမ်းကောက်ယူပြီး ပြန်လည်ဆန်းစစ်လေ့လာရန်နှင့် စဉ်ဆက်မပြတ် စောင့်ကြည့်သွားရန်အတွက် Monitoring အဖွဲ့တစ်ခုကို ပထမဦးစွာ ဖွဲ့စည်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စီမံကိန်းလုပ်ငန်းတွင် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား Unique ID တစ်ခုစီထုတ်ပေးခြင်း၊ National Database တည်ဆောက်ခြင်း လုပ်ငန်းနှင့် နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းတို့ ပါဝင်မည်ဖြစ်ပါကြောင်း၊ National Database တည်ဆောက်ခြင်းလုပ်ငန်းသည် e-ID စနစ်တစ်ခုလုံး၏အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံတော်အတွင်း နေထိုင်သော သူတစ်ဦးချင်းစီ၏ Biometric Data နှင့် Biographic Data များအား ကောက်ယူ၍ Electronic စနစ်ဖြင့် National Database တွင် သိမ်းဆည်းပြီး ကိုယ်ပိုင်နံပါတ်တစ်ခုစီ Unique Identity (UID) ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ UID ရပြီးသူများအား နိုင်ငံသား စိစစ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံသားကတ် Smart Card ကို ပြောင်းလဲ ထုတ်ပေးနိုင်သည့်စနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားကာ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လေ့လာ တွေ့ရှိချက်များ၊ နိုင်ငံတကာ၌ Smart Card အသုံးပြုဆောင်ရွက်နေမှုများနှင့် အားနည်းချက်၊ အားသာချက်များ၊ Unique Identity (UID) စနစ် စတင်ဆောင်ရွက်၍ပြည်သူများအတွက် ဝန်ဆောင်မှုပေးနိုင်မည့်အခြေအနေများ၊ Smart Card ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီဖွဲ့စည်းနိုင်ရေးအတွက် အဆိုပြုမူကြမ်းတို့ကို ရှင်းလင်း ဆွေးနွေး ပါသည်။

  ဆက်လက်၍  တက်ရောက်လာသည့် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ပညာရှင်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။