The Future CIO Leader သင်တန်းဖွင့်ပွဲ အခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၃-၂၄ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း (ပထမအကြိမ်) The Future CIO Leader သင်တန်း၏ သင်တန်းဖွင့်ပွဲကို မတ်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းကျောင်းအုပ်နှင့်တကွ ဌာနအကြီးအကဲများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းအထောက်အကူပြု တာဝန်ခံများ၊ CIO/ACIO များနှင့် e-Government လုပ်ငန်းများတွင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေသည့် အရာထမ်းများ စုစုပေါင်းသင်တန်းသား (၃၂) ဦး တို့ တက်ရောက်ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက e-Government ယန္တရားကို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် အဓိကမောင်းနှင်ကြရမည့် CIO/ACIO များအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် နည်းပညာရေစီးကြောင်းများအရ တီထွင်ဆန်းသစ်မှုကို အခြေခံသည့် မူဝါဒများ၊ ICT အသုံးချ စီမံခန့်ခွဲမှုပုံစံများ၊ စံသတ်မှတ်ချက်များကို စနစ်တကျ တညီတညွတ်တည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး The Future CIO Leader ဘာသာရပ်အား သင်ကြားပို့ချပေးခြင်း  ဖြစ်ကြောင်း၊ CIO များ၏ တာဝန်ဝတ္တရားများ၊ သတင်းအချက်အလက်နှင့်နည်းပညာကို အခြေခံသည့် CIO တစ်ယောက်အနေဖြင့် ရှိသင့်ရှိထိုက်သည့် Skills and Competencies များ၊ Digital Government စနစ်အား မောင်းနှင်ရာတွင် အခြေခံလိုအပ်သည့် Fundamental များ၊ Emerging Technologies များ၊ ဆန်းသစ်တီထွင်နိုင်မှု စွမ်းရည်များ၊ CIO/ACIO များ အနေဖြင့် ကြုံတွေ့ရတတ်သည့် စိန်ခေါ်မှုများနှင့် ဖြေရှင်းပုံ နည်းလမ်းများ၊ နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသော Best Practice များနှင့် အုပ်ချုပ်မှုပုံစံများကို လေ့လာသိရှိသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   The Future CIO Leader သင်တန်းသည် သင်တန်းကာလအနေဖြင့် (၁၈-၃-၂၀၂၄) မှ (၂၀-၃-၂၀၂၄) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်း များ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။