Information Security Management Training သင်တန်းဆင်းပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးသင်တန်းကျောင်းတွင် ဌာနအတွက် အကျိုးသက်ရောက်မှုရှိသောသတင်း အချက်အလက် လုံခြုံရေးစီမံခန့်ခွဲမှုစနစ် တစ်ခု ရေးဆွဲကျင့်သုံးနိုင်ရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Information Security Management Training အမှတ်စဉ် (၀၁၂၂/၀၁/၁၉-၂၀) သင်တန်းကို နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရပါသည်။

အဆိုပါ Information Security Management သင်တန်းကို (၁၆-၁၂-၂၀၁၉)ရက်နေ့မှ (၂၀-၁၂-၂၀၁၉)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ် ပို့ချခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်း(၂၈)ခုမှ သင်တန်းသား (၄) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။  

သင်တန်းနောက်ဆုံးနေ့တွင် အုပ်စုလိုက်ရေးဆွဲသည့် သတင်းအချက်အလက်လုံခြုံရေးစီမံချက် (၇)ခုကို အုပ်စုလိုက် ဆွေးနွေးတင်ပြ ကြပါသည်။ ဆက်လက်၍ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး အဖွဲ့လိုက်စီမံချက်ရေးဆွဲခြင်းတွင် ထူးချွှန်ဆုရရှိသော အဖွဲ့များအား  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။