Linux Foundation and Windows Server Administration Course -1 သင်တန်းဖွင့်ပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ်ဖွင့်လှစ်သော  Linux Foundation သင်တန်း နှင့် ပထမအကြိမ်ဖွင့်လှစ်သော Windows Server Administration Course – 1 သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြု ဌာနတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ (၄၉)ဦး တို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က Linux Foundation Course နှင့် Windows Server Administration Course  သင်တန်းများသည် e-Governmnet စနစ် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေသော သင်တန်းများ ဖြစ်ကြောင်း၊ ပထမသင်တန်းဖြစ်သော Linux Foundation Course သင်တန်းသည် Linux Operation System နှင့် Open Source အကြောင်းသိရှိနိုင်ပြီး Linux Server အခြေခံအဆင့်အသုံးပြုနိုင်သည်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ Open Source စနစ်သည် အသုံးစရိတ်နည်းနည်းဖြင့် Performance ကောင်းအောင်ဖန်တီးနိုင်သဖြင့် e-Government လုပ်ငန်းများတွင် Open Source အသုံးပြုနိုင်အောင် ဆောင်ရွက်သွားလျှင် ရေရှည်အတွက် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဒုတိယသင်တန်းဖြစ်သော Windows Server Administration Course -1 သင်တန်းသည် ဌာနအတွင်း Server Administration လုပ်ငန်းများကျွမ်းကျွမ်းကျင်ကျင် ပြန်လည်လုပ်ကိုင်နိုင်သည် အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းများမှ Windows Server များနှင့် Linux Server များအား ယှဉ်တွဲ၍ လေ့လာသိရှိပြီး အသုံးချနိုင်မည်ဖြစ်ကြောင်း၊ Linux Course နှင့် Windows Server အဆင့်မြင့်သင်တန်းများလည်း ထပ်မံ ဖွင့်လှစ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်စည်းကမ်းချက်များနှင့် အညီ နေထိုင်၍ စနစ်တကျ လေ့လာ သင်ယူသွားကြရန် မှာကြားခဲ့ပါသည်။

   Linux Foundation Course နှင့် Windows Server Administration Course -1 သင်တန်းများ၏ သင်တန်းကာလမှာ ရက်သတ္တပတ် (၃)ပတ် ကြာဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး၊ သင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။