MPT က ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများအတွက် 24/7 ပတ်လုံး ကျန်းမာရေးဆွေးနွေးနိုင်မည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ ကို မိတ်ဆက်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်) – လွန်ခဲ့သည့် မတ်လ (၂၈) တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့်  အခက်အခဲ ကြုံတွေ့နေရသည့် လူမှုအသိုက်အဝန်းရှိအများပြည်သူတို့ကို အ‌ထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ပြီး MPT အနေဖြင့်  ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို 24/7 ရက်ပတ်လုံး ဆွေးနွေးနိုင်မည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ ကို မိတ်ဆက်လိုက်ရပါသည်။ ယခုအစီအစဉ်သည် ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)ရှိ အများပြည်သူတို့အတွက် ကျန်းမာရေးဆွေးနွေးမှုကို ချက်ချင်းနှင့် လက်လှမ်းမီ ပေးအပ်နိုင်ရန် ရည်ရွယ်ထားပါသည်။

အဆိုပါဒေသများရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကိုသာမက  စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ယင်းသို့သော အခြေအနေတွင် MPT အနေဖြင့် လှုမှုအကျိုးပြုလှုပ်ရှားမှုတစ်ခုအဖြစ် ယခုလိုအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြင့်  ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် အဆိုပါဒေသများရှိ သုံးစွဲသူများအား အရည်အချင်းပြည့်ဝသော ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခမဲ့ဆွေးနွေးတိုင်ပင်နိုင်စေမည် ဖြစ်ပြီး ယခုကဲ့သို့ ခက်ခဲသော ကာလအတွင်း လိုအပ်သော ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ဆေးညွှန်းများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်စေမည် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ မေလ (၂) ရက်မှစ၍ အဆိုပါဒေသများရှိ MPT GSM ဆင်းမ်ကတ် သုံးစွဲသူများသည် ပန်းလှိုင်ဆေးရုံကြီးမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးမှုကို အချိန်မရွေး ရယူနိုင်ရန် ၂၀၂၅ သို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ပါသည်။

MPT ၏ အခမဲ့ ကျန်းမာရေးဖုန်းလိုင်း 2025 ၏ အဓိက အချက်များ

  • 24/7 ပတ်လုံး ရရှိနိုင်မှု– ကျန်းမာရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို အချိန်မရွေး ရယူနိုင်ပါသည်။
  • ဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ အကြံဉာဏ်များ- ပန်းလှိုင်ဆေးရုံကြီးမှ အရည်အချင်း ပြည့်ဝသော ဆရာဝန်များကို တာဝန်ပေးထားခြင်း။
  • အလုံးစုံ အခမဲ့-ငလျင်ကြောင့်အခက်အခဲကြုံတွေ့နေရသည့် ဒေသများမှ သုံးစွဲသူများအားလုံး အခမဲ့။
  • ရိုးရှင်းလွယ်ကူမှု– MPT GMS ဆင်းမ်ကတ်ဖြင့် 2025 ကို ခေါ်ဆိုလိုက်ရုံသာဖြစ်သည်။
  • MPT GSM ဆင်းမ်ကတ် သုံးစွဲသူများအတွက်သာ ဖြစ်ပါသည်။

MPT-KSGM JO လုပ်ငန်းလည်ပတ်မှုဌာနအရာရှိချုပ်၏ အကြံပေးအရာရှိ ဖြစ်သူ Mr. Naoki Shimane က “MPT အနေနဲ့ လွန်ခဲ့တဲ့ မတ်လ (၂၉) ရက်ကတည်းကစပြီး ငလျင်ကြောင့်အခက်အခဲကြုံတွေ့နေရတဲ့ လူမှုအသိုက်အဝန်းကို ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနေပါတယ်။” “အခုလည်း ကျွန်တော်တို့အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ လူမှုအသိုက်အဝန်း ကိုယ်စိတ် ကျန်းမာစွာရှိစေရေးဆိုတဲ့ ကတိကဝတ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်  အခမဲ့ ကျန်းမာရေး ဖုန်းလိုင်းကို ဆောင်ရွက်ပေးလိုက်ပါပြီ။ အခုလို ခက်ခဲတဲ့ ကာလမှာ ငလျင်ကြောင့်အခက်အခဲကြုံတွေ့ခဲ့ရတဲ့ ဒေသက ပြည်သူတွေ လိုအပ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ‌စေရေးမှာ အဓိက အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ပါဝင်နေမယ်လို့ ယုံကြည်ပါတယ်။  ဒီအစီအစဉ်ဖြစ်မြောက်ရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်း ပန်းလှိုင်ဆေးရုံကြီးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“မြန်မာပြည်သူပြည်သားအားလုံးကို အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြည့်ဆည်းပေးအပ်နေတာ နှစ်ပေါင်း (၂၀) တိုင်တိုင်ရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ ပန်းလှိုင်ဆေးရုံကြီးရဲ့ ‘Survive, Protect, Contribute’ ဆိုတဲ့ ကတိစကားအတိုင်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုအခါမှာလည်း MPT နဲ့ပူးပေါင်းပြီး ပန်းလှိုင်ဆေးရုံကြီးက ငလျင်ဘေးသင့်ပြည်သူတွေ အချိန်မရွေးလက်လှမ်းမီရရှိနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ပေးအပ်နိုင်တဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုကူညီထောက်ပံ့မှုတွေမှာ ရေရှည်ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို အတူတူဖန်တီးပုံဖော်သွားမှာဖြစ်ကြောင်းကိုလည်း ထပ်ပေါင်းပြောကြားလိုပါတယ်။” ဟု ပန်းလှိုင် ဆေးရုံများ လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် Dr. Gershu Paul က ပြောကြားခဲ့ပါသည်။

စစ်မှန်သော ပြည်တွင်းအော်ပရေတာတစ်ခုဖြစ်သည့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ကတိကဝတ်အတိုင်း ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေရုံသာမက  လူမှုအသိုက်အဝန်းအတွက် အရေးတကြီးလိုအပ်နေသော ပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

လှုမှုအကျိုးပြုလှုပ်ရှားမှုအပါအဝင် MPT ၏ ဝန်ဆောင်မှုများ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT ၏ အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ အကြောင်းနှင့် မကြာခဏမေးမြန်းတတ်သည့် အမေးအဖြေအသေးစိတ်ကို https://bit.ly/4d5Nzgr တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ 

Call 2500 (For Health) 500x340_Mobile Banner