Myanmar National Portal Launching Ceremony ကျင်းပပြုလုပ်

            

              ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏e-Government လုပ်ငန်းစဉ်များ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အစိုးရအဖွဲ့အစည်း အသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-service များကို တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့ လွယ်ကူ လျှင်မြန်သော၊ ကောင်းမွန်ထိရောက်သော Single Window Public Service ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခဲ့သည့် Myanmar National Portal ဖွင့်ပွဲ အခမ်းအနား (Launching Ceremony) ကို စက်တင်ဘာလ (၂၇)ရက်၊ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းပင်ဖြစ်ပါကြောင်း၊ Myanmar e-Governance Master Plan 2016 ကို ရေးဆွဲခဲ့ပြီး e-Government ဦးဆောင်ကော်မတီ၊ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် Connectivity ပိုမိုကောင်းမွန်လာစေရန်နှင့် လွ​ယ်ကူချောမွေ့စေသည့် စနစ်များ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင် Mobile လွှမ်းခြုံ မှုမှာ 90% ကျော် ရှိ​နေပြီဖြစ်၍ အားသာချက်ဖြစ်သော Mobile Coverage ကို အသုံးပြုပြီး Mobile သုံးစွဲသူများအားလုံးထံ ဝန်ဆောင်မှုများ ရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီး၏ သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ပြည်သူအများ ရယူ အသုံးပြုနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် Telecommunications Sector Reform Project ကို ကမ္ဘာ့ဘဏ်၏ချေးငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့ပြီး Myanmar National Portal စီမံကိန်းအား ဗီယက်နမ်နိုင်ငံ၊ FPT Information System နှင့် ပူးပေါင်းအကောင်အထည်ဖော် ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် အရေးပါသည့် Portal တစ်ခုဖြစ်ပါသဖြင့် အစိုးရအဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ သတင်းအချက်အလက်များ မှန်ကန်စေရေးနှင့် Update ဖြစ်စေရေးအတွက် ဝန်ကြီးဌာနအလိုက် တာဝန်ယူ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မှန်ကန် ပြည့်စုံ ကောင်းမွန်သော သတင်းအချက်အလက်များ ဖြစ်မှသာ ပြည်သူလူထုအတွက် ပိုမိုအကျိုးရှိစေသော National Portal ဖြစ်လာမည် ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနများမှ CIO များ အနေဖြင့်လည်း ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ ဗီယက်နမ်နိုင်ငံ FPT Information System Board of members ၏ Chairman ဖြစ်သူ Mr. Trieu Duong Dung က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ Myanmar National Portal စီမံကိန်း၏ စီမံကိန်း ဒါရိုက်တာ ဒေါ်နွယ်နီစိုးရင်က Myanmar National Portal စီမံကိန်း အကြောင်းကို မိတ်ဆက် ရှင်းလင်း တင်ပြခဲ့ပါသည်။

               အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ဆိုင်ရာဗီ​ယက်နမ်သံရုံးမှ Commercial Counsellor၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ Chief Information Officer (CIO) များ၊ KPMG ၊ ဗီယက်နမ်နိုင်ငံ FPT Information System မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။