Network Security ၊ VMware vSphere Administration နှင့် MySQL Database (Online) သင်တန်းများ၏ သင်တန်းဖွင့်ပွဲအခမ်းအနား

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Network Security (၀၅၀၉/၀၂/၂၄-၂၅) သင်တန်း၊ VMware vSphere Administration (၀၄၀၅/၀၁/၂၄-၂၅) သင်တန်း နှင့် MySQL Database (Online) (၀၃၀၄/၀၁/၂၄-၂၅) သင်တန်းများ၏ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေးနှင့် တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း ၇၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း က ဒီကနေ့ဖွင့်လှစ်ခဲ့သည့် Network Security သင်တန်းတွင် Network ကွန်ရက်များအတွင်း လုံခြုံရေးဆိုင်ရာ ချိုးဖောက်တိုက်ခိုက်မှုများ (Network Attacks)၊ လုံခြုံရေး အားနည်းမှုများ (Network Vulnerabilities) များ၏ သဘောသဘာဝကို သိရှိနားလည်စေရန်၊ လုပ်ငန်း/အဖွဲ့အစည်းများတွင် ချိတ်ဆက်ထားသော (ကြိုး/ကြိုးမဲ့) နက်ဝပ်ကွန်ရက်များ၏ လုံခြုံရေးအတွက် တည်ဆောက်ရမည့် နည်းပညာများ၊ လုံခြုံရေး စီမံခန့်ခွဲမှုများ၊ ကြိုတင်ကာကွယ်ပြင်ဆင်ရမည့် နည်းလမ်းများ၊ ကွန်ရက်လုံခြုံရေးကို စောင့်ကြည့်နိုင်မည့် tools များ စသည်တို့ကို ကောင်းစွာသိရှိနားပြီး နက်ဝပ်လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး  ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း ဦးစွာပြောကြားခဲ့သည်။

   ဆက်လက်ပြီး VMware vSphere Administration သင်တန်းသည် VMware Virtualization နည်းပညာကို အသုံးပြုထားသည့် အဖွဲ့အစည်းများတွင် VMware Centralize Management System ဖြစ်သော vCenter Server ကို အသုံးပြု၍ Network Storage and Virtual Appliances များအားအသုံးချနည်းများ၊ VMware feature များဖြစ်သည့် High Availability (HA)Distributed Resource Scheduler (DRS) vMotion စသည့် အဆင့်မြင့်နည်းပညာအကြောင်းအရာများကို စာတွေ့လက်တွေ့ ပြုလုပ်နိုင်ပြီး ဝန်ကြီးဌာနများရှိ Datacenter များတွင် Virtualization စနစ်ကို စီမံခန့်ခွဲလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း  ဖြစ်ကြောင်း သိရှိရပါသည်။

   ထို့ပြင် Online မှ တဆင့်ဖွင့်လှစ်ပို့ချမည့် MySQL Database သင်တန်းသည် ဒေတာအချက်အလက်များကို စနစ်တကျသိမ်းဆည်းနိုင်ပြီး ဒေတာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ Web-based Application များအား Developing လုပ်ရန်သုံးသည့်အခါ MySQL အား အသုံးများကြောင်း၊ Web Page စာမျက်နှာများ၏ Backend တွင် ဒေတာများသိမ်းဆည်းရာတွင် MySQL ကို အသုံးပြုထားခြင်းများရှိကြောင်း စသည့် ဒေတာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် ဒေတာလုံခြုံရေးအတွက် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း  ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

   ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဒစ်ဂျစ်တယ် နည်းပညာခေတ်တွင် အဆင့်မြင့်နည်းပညာများသည် လူတိုင်းအတွက်လိုအပ်သည့် ကျွမ်းကျင်မှု ဖြစ်လာပြီး အမြဲတမ်း သင်ယူလေ့လာသွားရန် လိုအပ်ကြောင်းနှင့် ICT နည်းပညာများကို မပြတ်ဆည်းပူးလေ့လာ၍ e-Government စနစ်အောင်အောင်မြင်မြင် အကောင်အထည်ဖော် နိုင်လာစေရန် ဝိုင်းဝန်းကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

   Network Security နှင့် VMware vSphere Administration သင်တန်းများသည် ၂၉-၇-၂၀၂၄ ရက်နေ့မှ ၁၆-၈-၂၀၂၄ ရက်နေ့အထိ ၃ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပြီး MySQL Database (Online) သင်တန်းသည် ၂၉-၇-၂၀၂၄ ရက်နေ့မှ ၉-၈-၂၀၂၄ ရက်နေ့ထိ ၂ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် အစိုးရအဖွဲ့အစည်းများ/ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။