PHP နှင့် Linux Foundation သင်တန်းဖွင့်ပွဲ

   ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပထမအကြိမ်ဖွင့်လှစ်သော Linux Foundation သင်တန်း၊ ဒုတိယအကြိမ်ဖွင့်လှစ်သော PHP Programming Language သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း၊ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ ဌာနအသီးသီးမှ အကြီးအကဲများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းအထောက်အကူပြု ဌာနတာဝန်ခံများ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ဗဟိုအစိုးရအဖွဲ့အစည်းများမှ သင်တန်းသား (၅၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။

   ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်က ပထမသင်တန်းဖြစ်သော Linux Foundation Course သင်တန်းသည် Linux Command များ ၊ Linux File System များ တည်ဆောက်ထားပုံကို သိရှိနိုင်ပြီး Linux Server ကို အခြေခံအဆင့် ကိုင်တွယ်အသုံးပြု နိုင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း နှင့် e-Government စနစ် အကောင်အထည်ဖော် ဆောင်ရာမှာ Open Source Platform ကို အသုံးပြုသွားနိုင်စေရန် ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း နှင့် ဒုတိယသင်တန်း ဖြစ်သည့် PHP Programming Language သင်တန်းသည် Dynamic Website ရေးသား ဖန်တီးမှုများ ပြုလုပ်နိုင်စေရန်၊ ဝန်ကြီးဌာနများတွင် လက်ရှိ လွင့်တင်ထားသော  Website များကို တာဝန်ယူဆောင်ရွက်နိုင်စေရန်နှင့် ဌာနများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Web Development Project များအတွက်  မဖြစ်မနေသိထားသင့်သည့် PHP Programming Language အကြောင်းကို သိရှိနားလည်ပြီး  Web Administrator တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်စေရန် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံအသီးသီး၏ ဒစ်ဂျစ်တယ်ပလက်ဖောင်း တည်ဆောက်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွား‌ရေး တိုးတက်ရေးတွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက် ရေးကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများနှင့် အတူတကွ လိုက်ပါ ဆောင်ရွက်နိုင်ရန်၊ လူ့စွမ်းအားအရင်းအမြစ်များ  ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် ICT ကျွမ်းကျင်ပြီး စွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းကောင်းတွေဖြစ်အောင်  ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားခဲ့ ပါသည်။

    Linux Foundation နှင့် PHP Programming Language သင်တန်းများ၏ သင်တန်းကာလမှာ ရက်သတ္တပတ် (၃)ပတ် ကြာဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရပါသည်။

  သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။