ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း Python Programming Essentials နှင့် Cloud Administration Essentials သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၂)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ်နှင့်တကွ ဌာနအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန အသီးသီးမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၆၁ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် က ဖွင့်လှစ်ခဲ့သည့် Python Programming Essentials နှင့် Cloud Administration Essentials သင်တန်းများသည် ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်တွင် နောက်ဆုံးလှစ်ပို့ချသည့် သင်တန်းများဖြစ်ကြောင်းနှင့် ၂၀၂၄-၂၅ လေ့ကျင့်သင်ကြားရေးနှစ်တွင် သင်တန်းအမျိုးအစား ၂၃ မျိုး၊ သင်တန်းအကြိမ် အရေအတွက် ၄၂ ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး အရာထမ်း ၆၉၀ ဦး၊ အမူထမ်း ၄၈၅ ဦး နှင့် စုစုပေါင်း သင်တန်းသား ၁၁၇၅ ဦး ကို လေ့ကျင့်သင်ကြားပို့ချပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းကျောင်း၊ ကျောင်းအုပ်က နိုင်ငံဝန်ထမ်းများသည် မိမိတို့၏ အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် တတ်နိုင်စွမ်းကို တိုးတက်အောင် အမြဲမပြတ် လေ့လာကြိုးစားပြီး အသိပညာနှင့် ကျွမ်းကျင်မှုများ ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းအသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ (၄:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။