Training for Company (TOC) Program on “Eco & Defensive Driving” သင်တန်းများဖွင့်လှစ်ပို့ချ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၏ ဦးဆောင်လမ်းညွှန် ပါဝင် ဆောင်ရွက်မှု၊  ဥရောပသမဂ္ဂ၏ငွေကြေးပံ့ပိုးမှုဖြင့် GIZ မှ MIFFA နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ် ဆောင်ရွက်နေသော “မဲခေါင်ဒေသ ကုန်စည်သယ်ယူရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေး ရေရှည်ရှင်သန်မှု စီမံကိန်း” အနေဖြင့် ကုန်တင်ကားကြီးများဖြင့် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်နေသော လုပ်ငန်းများမှ ကုန်တင်ယာဉ်မောင်းများအား ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် လောင်စာဆီ ချွေတာ မောင်းနှင်နိုင်ရေးအတွက် TOC Program on “Eco & Defensive Driving” သင်တန်းများကို ၂၀၁၇ခုနှစ်၊ မေလမှ  ၂၀၁၈ခုနှစ်၊ ဩဂုတ်လအထိ ဖွင့်လှစ် ပို့ချခဲ့ပါသည်။

GIZ စီမံကိန်းအနေဖြင့် စီမံကိန်းကာလအတွင်း မြန်မာနိုင်ငံရှိ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်း ၁၅၀ မှ ကုန်တင်ယာဉ်မောင်းများအား သင်ကြားပို့ချပေးရန် ရည်ရွယ်ပြီး သင်တန်း စုစုပေါင်း ၈ ခု ကျင်းပပေးခဲ့ရာ သင်တန်းအပတ်စဉ် (၁) (၃.၅.၂၀၁၇-၅.၅.၂၀၁၇၊ နေပြည်တော်) တွင် SMEs (၁၆) ခုမှ သင်တန်းသား (၁၅) ဦးနှင့် လေ့လာသူ (၁) ဦး၊ သင်တန်းအပတ်စဉ် (၂) (၄.၇.၂၀၁၇ - ၆.၇.၂၀၁၇၊ နေပြည်တော်) တွင် SMEs (၁၃)ခုမှ သင်တန်းသား (၁၃)ဦးနှင့် လေ့လာသူ (၁) ဦး၊ သင်တန်းအပတ်စဉ် (၃) (၅.၉.၂၀၁၇ - ၇.၉.၂၀၁၇၊ ဘားအံမြို့တွင် SMEs (၁၄) ခုမှ သင်တန်းသား (၁၄) ဦးနှင့် လေ့လာသူ (၂) ဦး၊ သင်တန်းအပတ်စဉ် (၄) (၇.၁၁.၂၀၁၇ - ၉.၁၁.၂၀၁၇၊ နေပြည်တော်) တွင် SMEs (၁၈) ခုမှ သင်တန်းသား (၁၈) ဦးနှင့် လေ့လာသူ (၂) ဦး၊ သင်တန်းအပတ်စဉ် (၅) (၁၄.၁.၂၀၁၈ - ၁၆.၁.၂၀၁၈၊ မန္တလေးမြို့) တွင် SMEs (၂၁) ခုမှ သင်တန်းသား(၂၁) ဦးနှင့် လေ့လာသူ (၂) ဦး၊ သင်တန်းအပတ်စဉ် (၆) (၁၄.၃.၂၀၁၈-၁၆.၃.၂၀၁၈၊ နေပြည်တော်) တွင် SMEs (၂၄) ခုမှ သင်တန်းသား (၂၄) ဦး၊ သင်တန်းအပတ်စဉ် (၇) (၁၂.၆.၂၀၁၈ - ၁၄.၆.၂၀၁၈၊ နေပြည်တော်) တွင် SMEs (၂၃) ခုမှ သင်တန်းသား (၂၃) ဦး၊ သင်တန်းအပတ်စဉ် (၈) (၇.၈.၂၀၁၈ - ၉.၈.၂၀၁၈၊ နေပြည်တော်) တွင် SMEs (၂၉) ခုမှ သင်တန်းသား (၂၈) ဦးနှင့် လေ့လာသူ (၁) ဦး စုစုပေါင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၁၅၄) ခုမှ ကုန်တင်ယာဉ်မောင်း (၁၅၉)ဦး လေ့လာသူ (၇) ဦးအား (၂) နှစ်တာကာလအတွင်း သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရပါသည်။

သင်တန်းများအား ထိုင်းနိုင်ငံ၊ SCG Skills Development Center မှ သင်ကြားမှုပုံစံအတိုင်း မြန်မာ သင်တန်းဆရာများမှ သင်ကြားပို့ချပေးခဲ့ပြီး ထိုသို့သင်ကြားပို့ချပေးနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ယာဉ်မောင်းသင်တန်းကျောင်းများမှ သင်တန်းဆရာများနှင့် ပုဂ္ဂလိက ကုန်စည်ပို့ဆောင်ရေးအသင်းများမှ ပုဂ္ဂိုလ်များ (၁၅)ဦးအား SCG Master Trainers များကို ဖိတ်ကြားကာ TOT ဆရာဖြစ်သင်တန်းကိုနေပြည်တော်တွင် ၂၄.၁.၂၀၁၇ မှ ၂၆.၁.၂၀၁၇ အထိ ပို့ချပေးခဲ့ပြီး ၎င်းတို့အနက်မှ ထူးချွန်သင်တန်းသား (၆)ဦးဖြစ်သော ကုန်းလမ်းပို့ဆောင်ရေးမှ  ဦးသန်းထိုက်ဝင်း၊ ဦးအောင်မျိုးသိန်း၊ ဦးရဲဝင်းအောင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဦးအောင်ကျော်ဆန်း၊ ဦးကျော်သီဟ နှင့် မြဝတီနယ်စပ်ကုန်သွယ်ရေး အသင်းမှ ဦးထွန်းမင်းဦးတို့အား သင်တန်းပြန်လည် ပို့ချနိုင်ရန် ရွေးချယ်ခဲ့ပါသည်။ အဆိုပါသင်တန်းဆရာ (၆)ဦးအား သင်ကြားမှု စွမ်းရည် ပိုမိုမြင့်မားစေရန်အတွက် မွမ်းမံသင်တန်းအဖြစ် ထိုင်းနိုင်ငံ၊ SCG Skills Development Center တွင် ၅.၃.၂၀၁၈ မှ ၉.၃.၂၀၁၈ အထိ Soft Skills Development Training on “Eco & Defensive Diving” ကိုပို့ချပေးခဲ့ပါသည်။

အထက်ပါ “Eco & Defensive Diving”သင်တန်းများသို့တက်ရောက်သင်ကြားခဲ့သော ကုန်တင် ယာဉ်မောင်းများ အနေဖြင့် ယာဉ်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ပြီး ကုန်စည်များ  အချိန်မီ ပို့ဆောင်နိုင်ရန် စနစ်တကျလေ့လာနိုင်ခဲ့ပြီး လောင်စာဆီအား ယခင်မောင်းနှင်မှု ပုံစံထက် ပိုမိုချွေတာမောင်းနှင်နိုင်ကြောင်း၊ လောင်စာဆီချွေတာ မောင်းနှင်နိုင်မှုအား စမ်းသပ်ရာ ခရီးအကွာ အဝေး ၄၅ ကီလိုမီတာတွင် လောင်စာဆီ ၁၈ % မှ ၂၁% အထိ ချွေတာနိုင်သည်ကို လောင်စာဆီ သုံးစွဲမှု မှတ်တမ်းများကောက်ယူဆန်းစစ်ခြင်းအရ တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။