UNESCAP မှ ကြီးမှူးကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့်ထိုင်းနိုင်ငံ (CLMV-T)များအကြား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးချိတ်ဆက်မှုတိုးတက်ကောင်းမွန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ အောက်တိုဘာလ  (၉-၁၀) ရက်

           မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ(CLMV-T)များအကြား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ​သော ပို့ဆောင်ရေးချိတ်ဆက်မှု တိုးတက်ကောင်းမွန်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Capacity Building Workshop on Strengthening Transport Connectivity among CLMV-T ) ကို UNESCAP ၏စီစဉ်မှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၉-၁၀) ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က အဖွင့်အမှာစကားပြောကြားရာတွင် UNESCAP၏ ကနဦးဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေး နည်းလမ်းစုံပါဝင်သော National Transport Master Plan နှင့်အညီ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်နှင့် တစ်ဆင့် ဖြတ်သန်း သယ်ယူပို့ဆောင်ရေးဆိုင်ရာအတွေ့အကြုံအားနည်းခြင်းကြောင့် ယခုအလုပ်ရုံဆွေးနွေးပွဲသည် များစွာ အကျိုး​ရှိစေကြောင်း ဖြင့်ပြောကြားခဲ့ပါသည်။

          UNESCAP Transport Division ၏ ကိုယ်စားလှယ် Mr.Sandeep Raj Jain က CLMV-T နိုင်ငံများအကြား နယ်မြေအနေအထား နီးကပ်စွာတည်ရှိမှုအရ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုမြှင့်တင်ခြင်းသည် များစွာအကျိုးကျေးဇူးရှိကြောင်း၊ အဆိုပါ လုပ်ငန်းရပ်အပေါ် UNESCAP ၏ကနဦးဆောင်ရွက်ပေးခဲ့မှုများရှိခဲ့သည့်နည်းတူ ဆက်လက် ထောက်ပံ့အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

           အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် CLMV-T နိုင်ငံများအကြား ကမ်းရိုးတန်းသွားသင်္ဘော လုပ်ငန်း(coastal shipping) အပါအဝင် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှု မြှင့်တင်နိုင်ရန်အတွက် ပို့ဆောင်ရေး  စိန်ခေါ်မှုများအား ဆွေးနွေးခဲ့ကြပါသည်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်သော အတားအဆီး များကြောင့် seamless transport connectivity အတွက် စိန်ခေါ်မှုဖြစ်နေကြောင်းကို တက်ရောက်လာသူများက သဘောတူကြပြီး အဆိုပါစိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းရန်နှင့်် trailer swap  အသုံးပြုခြင်းကဲ့သို့ ချဉ်းကပ်နည်းလမ်းများ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ကမ်းရိုးတန်းသွားသင်္ဘောလုပ်ငန်း(coastal shipping)သည် ကုန်စည်နှင့်ခရီးသည် ပို့ဆောင်ရေးကို စဉ်ဆက်မပြတ်တိုးမြှင့်ရန်နှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် (SDGs) ကို အထောက်အပံ့ပေးရာတွင်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသည့်  ပို့ဆောင်ရေးနည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။

         ဖော်ပြပါအလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော နိုင်ငံအသီးသီး၏ ပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ဝန်ကြီးဌာနများမှအဆင့်မြင့်အရာထမ်းများ၊ ပုဂ္ဂလိကကုန်စည်ပို့ဆောင်ရေးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကိုရီးယား၊ မလေးရှား ရေကြောင်း တက္ကသိုလ်တို့မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း  ဦးရေ (၅၀) နီးပါးတက်ရောက်ခဲ့ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန