နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ရန်ကုန်-ပဲခူးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများနှင့် ပဲခူးမြို့အခြေစိုက် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်ဘူတာကြီး မြို့ပတ်ရထားရပ်နား၊ ထွက်ခွာသည့်စင်္ကြံအား DEMU ရထားတွဲဆိုင်းများဖြင့် လိုက်လျောညီထွေဖြစ်စေရေး ပြန်လည်မွမ်းမံ တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစေရေး၊ ခရီးသည်များ ရထားပေါ်တက်/ ဆင်းမှု အဆင်ပြေစေရေး၊ စင်္ကြံ၌ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု စနစ်တကျဖြစ်စေရေး လိုအပ်ချက်များကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ အဆင့် (၁) လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန်အတွက် ရန်ကုန်ဘူတာကြီးမှ ပဲခူးဘူတာသို့ RBE အထူးရထားဖြင့် အဆန်လမ်းမှလိုက်ပါစီးနင်းပြီး စီမံကိန်းပြီးစီးမှုအခြေအနေကြောင့် ရထားအမြန်နှုန်း တိုးမြှင့် မောင်းနှင်နိုင်မှုကို စစ်ဆေးသည်။

ထို့နောက် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တိုင်းအဆင့်တာဝန်ရှိသူများကို ခရီးလမ်းတစ်လျှောက် ရထားလမ်းဘေးဝဲယာတွင် အမှိုက်များ ကင်းစင်ရေးကိစ္စ၊ ကျူးကျော်တဲများ ရှင်းလင်းရေးကိစ္စတို့ကို မှာကြားခြင်း၊ တိုးကြောင်ကလေးဘူတာတွင် ခရီးသည်အတက်/ အဆင်းများ စနစ်တကျဖြစ်ရေး မှာကြားခြင်း၊ ကျောက်တန်းဘူတာတွင် စီမံကိန်းအရ တပ်ဆင်ထားသော ရထားထိန်းချုပ်စေလွှတ်သည့် Relay Interlocking System ကိုင်တွယ်ထိန်းသိမ်းမှုကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပဲခူးဘူတာ မှ RBE အထူးရထားစီးနင်းကာ မကြာမီက ပဲခူးဘူတာနှင့် ရွှေလှေဘူတာအကြား ရထားလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ငမိုးရိပ်ချောင်း ရေလျှံပြီး ရေကျော်ခဲ့မှုကြောင့် ရထားလမ်းပျက်စီးခဲ့သည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ နောင်ကာလတွင် ဤသို့ရေကြီးရေလျှံမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ နည်းပါးစေရေး ဆောင်ရွက်သင့်သည့်လုပ်ငန်းကို ဆွေးနွေးညှိနှိုင်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးဘူတာယာဒ်ဝင်းအတွင်း စီမံကိန်းအားဖြင့် တပ်ဆင်ပြီးစီးနေသည့် မော်တာအသုံးပြုရထားလမ်းလွှဲ၊ လမ်းကူးဆောင်ရွက်သည့်ကိရိယာ (Electronic Interlocking System) နှင့် ဘူတာယာဒ်ဝင်းအတွင်း ရထားထိန်းချုပ်သည့် ခေတ်မီနည်းစနစ် တပ်ဆင် အသုံးပြုပုံတို့ကို စစ်ဆေးကြည့်ရှုပြီး စနစ်တကျကိုင်တွယ်ထိန်းသိမ်းရေး လိုအပ်ချက်များ မှာကြားပြီး မွန်းလွဲပိုင်းတွင် ပဲခူးမြို့မြို့တော်ခန်းမ၌ ပဲခူးမြို့၌ တာဝန်ထမ်း ဆောင်လျက်ရှိနေသည့် ဝန်ကြီးဌာနလက်အောက် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့တော်ခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ နိုင်ငံ့အကျိုးစီးပွားအတွက် ဝန်ထမ်းကောင်းများ ပီသစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြစေရေး၊ ရာထူးအလိုက် တာဝန်ဝတ္တရားများကို သိရှိ၊ နားလည်၊ တတ်ကျွမ်းအောင် လေ့လာဆည်းပူးကြပြီး ကိုယ့်အရည်အချင်းကို တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြစေရေး၊ စာကြည့်တိုက်များ ထူထောင်၍ စာဖတ်သည့်အလေ့အကျင့်ရှိစေရေး၊ ဌာနအလိုက် ပုံမှန်ဆန္ဒဖော်ထုတ်ပွဲများ ဆောင်ရွက်ကာ ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအား ဖြေရှင်းဆောင်ရွက်ပေးရေးကိစ္စများကို မှာကြားပြီးဝန်ထမ်းများကို စားသောက်ဖွယ်ရာ လက်ဆောင်များပေးအပ်သည်။ ယင်းနောက် ပဲခူးမြို့ရှိ မြန်မာ့စာတိုက်လုပ်ငန်း တိုင်းမန်နေဂျာရုံးသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ စာပို့လုပ်ငန်း စွမ်းဆောင်နိုင်မှုများ တင်ပြမှုအပေါ် လိုအပ်သည်များမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပဲခူးဘူတာမှ RBE အထူးရထားဖြင့် လိုက်ပါ၍ ပဲခူး-ရန်ကုန် အစုန်လမ်းပိုင်းအတွင်း စီမံကိန်းအားဖြင့် ရထားလမ်းနှင့်တံတားများ ပြီးစီးနေမှုအခြေအနေ၊ မိုင်နှုန်းတိုးမြှင့် မောင်းနှင်နိုင်မှု အခြေအနေတို့ကို စစ်ဆေးကြည့်ရှုကာ ဘူတာများ စနစ်တကျဖြစ်စေရေးကိစ္စ၊ ရထားလမ်းလုံခြုံရေး၊ ကျူးကျော်ရှင်းလင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စများကို မှာကြားခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန