နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပပြုလုပ်သည့် (၉)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Is-Kander Azizov နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်ကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများအကြား ဆက်သွယ်မှုထူထောင်ရန်နှင့် မြှင့်တင်ရန်၊ ရုရှားအရှေ့ဖျားဒေသ၏ စီးပွားရေးအလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် အထူးစီးပွားရေးဇုန်များရှိ စီးပွားရေးအခြေအနေများကို သုံးသပ်ဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးချုပ်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာထမ်းများ ဖိုရမ်သို့ ပါဝင်တက်ရောက်ကြသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှရုားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Valerievich KARA-OOL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံခရီးသွားများ ပိုမို လည်ပတ်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး စတုတ္ထအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကော်မရှင်အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းအရ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ-ရုရှား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက်မှု   အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဆက်လက်၍ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံတွင် ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေး နှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့ နေ့ခင်းပိုင်းတွင် ဖိုရမ်၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးသည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို ရုရှားနိုင်ငံဘက်မှ သမ္မတ၏အကြံပေး၊   ရုရှား ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဥက္ကဋ္ဌ Mr. Anton Kobyakov နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် Fund RC-Investments တို့အကြား ပထမအဆင့်အနေဖြင့် ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်ခြင်းလုပ်ငန်းများကို လျာထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒုတိယအဆင့်အနေဖြင့် သဘာဝမြေဩဇာစက်ရုံတည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန