ရန်ကုန်၊ နိုဝင်ဘာ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ စီမံခန့်ခွဲလျက်ရှိသည့် ဆူးလေဆိပ်ကမ်းတံတားနှင့် ဝါးတန်းဆိပ်ခံတံတားများသို့ ရောက်ရှိပြီး ကုန်တင်၊ ကုန်ချလုပ်ငန်းများနှင့် ဆိပ်ကမ်းရှိ သိုလှောင်ရုံများတွင် ကုန်ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အင်ဂျင်နီယာချုပ်က သိုလှောင်ရုံများ ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း ဆောင်ရွက်ထားရှိမှုအခြေအနေ နိုင်ငံတော်နှင့်ဌာနဝင်ငွေရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအခါ ပွင့်လင်းရာသီသို့ရောက်ရှိပြီဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်ပို့ကုန်များ ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ရာတွင် ဆူးလေဆိပ်ကမ်းတံတားကို အဓိကထား သုံးစွဲကြရသည်ဖြစ်၍ ဆူးလေဆိပ်ကမ်းတံတားအနေဖြင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားရေး အလေးထားဆောင်ရွက်ကြရန်၊ ကုန်စည်များတင်ပို့ရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်းသည် နိုင်ငံ့လူမှုစီးပွား စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်ရာ ဌာနပိုင်၊ ပုဂ္ဂလိကပိုင်ဆိပ်ခံတံတားများ ကြံ့ခိုင်ကောင်းမွန်နေစေရေးအတွက်လည်း စဉ်ဆက်မပြတ်စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်၊ ဆိပ်ကမ်းဧရိယာအတွင်း လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဆူးလေဆိပ်ကမ်းအမှတ်(၁)၊ (၂)၊ (၃) တွင် ရော်ဘာ Fender တပ်ဆင်နေမှုများအား စစ်ဆေးကြည့်ရှုပြီး အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာဆိပ်ကမ်းဖြစ်၍ နိုင်ငံခြားအလံတင် သင်္ဘောများအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လမ်းမတော်ဆိပ်ကမ်းဧရိယာသို့ရောက်ရှိပြီး မြန်မာ့မီးရထား ဝါးတန်းကုန်ရုံရှိ သိုလှောင်ရုံများနှင့် မီးရထားလမ်းအခြေအနေများကိုလည်းကောင်း၊ ပြည်တွင်းခရီးစဉ်ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ခံဗောတံတားများ၊ ရန်ကုန်မြစ်တစ်ဖက်ကမ်းသို့ သွားလာသည့်သမ္ဗန်ဆိပ်များနှင့် ဆိပ်ကမ်းသိုလှောင်ရုံများသို့လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန