နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၅) ကြိမ်မြောက်  စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုတင်(၁၀၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်စုစုပေါင်း (၄၅) ဦးတို့ ပါဝင်လှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊  ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအမှူးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် (၁၅) ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပုသိမ် နှင့်  ထားဝယ်မြို့တို့ရှိ သက်ဆိုင်ရာဆေးရုံများနှင့် သွေးဌာနများတွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၃၂၀) ဦးပါဝင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန