(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်) – MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အရေးပေါ်အခြေအနေများတွင် လူအများ၏အသက်ကို ကယ်ဆယ်နိုင်ရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်နှင့်အညီ နိုင်ငံတစ်ဝန်း (၁၅) ကြိမ်မြောက် သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကိုလည်း အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုကို MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပူးပေါင်းပါဝင်ခဲ့ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတို့ရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများသို့ စေတနာသွေးလှူရှင် စုစုပေါင်း (၃၂၀) ဦးမှ သွေးလှူဒါန်းခဲ့ကြပါသည်။ သွေးလှူဒါန်းခြင်းလှုပ်ရှားမှုအား အောက်ဖော်ပြပါနေရာများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စဉ် | တိုင်းဒေသကြီး/ ပြည်နယ် | နေရာ |
---|---|---|
၁ | နေပြည်တော်ကောင်စီနယ်မြေ | နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး |
၂ | ရန်ကုန်တိုင်းဒေသကြီး | MPT ဆက်သွယ်ရေး သင်တန်းကျောင်း |
၃ | မန္တလေးတိုင်းဒေသကြီး | မန္တလေးပြည်သူ့ဆေးရုံကြီး |
၄ | မကွေးတိုင်းဒေသကြီး | မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး |
၅ | တနင်္သာရီတိုင်းဒေသကြီး | ထားဝယ်ပြည်သူ့ဆေးရုံကြီး |
၆ | ဧရာဝတီတိုင်းဒေသကြီး | ပုသိမ်ပြည်သူ့ဆေးရုံကြီး |
၇ | ရှမ်းပြည်နယ် (တောင်ပိုင်း) | တောင်ကြီးမြို့ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး |
MPT ၏ လူအများ၏အသက်ကိုကယ်ဆယ်နိုင်ရေးအတွက် သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများအပေါ် စဉ်ဆက်မပြတ် သန္နိဌာန်ချ ဆောင်ရွက်နေသည်များ
သွေးလှူဒါန်းခြင်းသည် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူ့အသက်များကို ကယ်ဆယ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ MPT သည် ယခုကဲ့သို့ မွန်မြတ်သော သွေးလှူဒန်းခြင်း လှုပ်ရှားမှုကို ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများအတွက် အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် သွေးအိတ်ပေါင်း (၈,၅၀၀)ကျော် ကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဝန်ထမ်းတွေနဲ့ စေတနာသွေးလှူရှင်တွေရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးပါဝင်ပေးမှုကြောင့် ကျွန်တော်တို့အနေနဲ့ လူမှုအကျိုးပြုလှုပ်ရှားမှုတစ်ခုအဖြစ် သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို လေးလတစ်ကြိမ် ကျင်းပဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွင်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားနေတာကြောင့် နောင်မှာ ပြုလုပ်မယ့် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွေမှာလည်း အားတက်သရော ဆက်လက် ပါဝင်ပံ့ပိုးပေးကြဖို့ တိုက်တွန်းလိုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးကျော်မောင်မောင်က ၎င်း၏အတွေ့အကြုံကို အခုလို မျှဝေပေးခဲ့ပါသည် “သွေးလှူရှင်တစ်ယောက်အနေနဲ့ MPT ရဲ့ သွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွေမှာ အစကတည်းက ပါဝင်ခဲ့ပြီး အခုဆိုရင် ကျွန်တော်ပါဝင်လှူဒါန်းလာတာ (၁၅) ကြိမ်မြောက်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ အခုလို လူ့အသက်ကယ်ဆယ်ရေး လှုပ်ရှားမှုတွေမှာ ပံ့ပိုးကူညီခွင့်ရတဲ့အတွက် ဒီပွဲကိုဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင် လူမှုအကျိုးပြု လှုပ်ရှားမှုများမှတစ်ဆင့် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများကို ဆောင်ရွက်ခြင်းဖြင့် ၎င်း၏ကတိကဝတ်များကို ပြသလျက်ရှိပါသည်။ MPT သည် ကျန်းမာရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ လူနေမှုဘဝများ တိုးတက်ရေးကို ဖော်ဆောင်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် ဆောင်ရွက်ခဲ့သည့် (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှု အမှတ်တရ မှတ်တမ်းတင်ပုံများ













