နေပြည်တော်၊ ဧပြီ ၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြေငလျင်လှုပ်ခတ်မှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအား သွားလာရေးအဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေကဏ္ဍတို့မှ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍအနေဖြင့် ခရီးသွားပြည်သူများ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်လည်ပတ်နိုင်စေရေးအတွက် မန္တလေး (ရွှေကြက်ယက်) ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ခရီးသည်ကူးတို့ခရီးလမ်းကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်များဖြစ်သည့် "ပြဒါးရှင်"ရေယာဉ်နှင့် "ပြည်သူ" ရေယာဉ်နှစ်စီးဖြင့်လည်းကောင်း၊ ကုန်တင်ကားကြီးများ ကူးတို့ခရီးလမ်းကို ပုဂ္ဂလိကပိုင်ရေယာဉ်၊ တွဲရေယာဉ်များဖြင့်လည်းကောင်း၊ ၃၁-၃-၂၀၂၅ ရက်နေ့မှစတင်၍ အခမဲ့ပြေးဆွဲပေးခဲ့ပါသည်။ အဆိုပါကူးတို့ခရီးလမ်းများဖြင့် ၆-၄-၂၀၂၅ ရက်နေ့အထိ ခရီးသည် ၉၄၂ ဦး၊ ကုန်တင်ယာဉ် ၉၀၂ စီး၊ လူစီးမော်တော်ယာဉ်ငယ် ၅၅၁ စီးတို့ကို သယ်ယူပို့ဆောင် ပေးနိုင်ခဲ့သဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ဧရာဝတီမြစ်ကူးတံတား ရတနာပုံနှင့် အင်းဝတံတားတို့ပေါ်မှ သွားလာမှု အခက်အခဲ ဖြစ်ပေါ်နေမှုကို အဆင်ပြေစေရန် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်။
အလားတူ မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ ရိက္ခာနှင့်ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်ပို့ဆောင်ပေးမည့် နိုင်ငံတကာမှ ကယ်ဆယ်ရေးလေယာဉ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ၂၉-၃-၂၀၂၅ ရက်မှစတင်၍ နေ့စဉ်ဆင်းသက်လျက်ရှိရာ ယနေ့အထိ စုစုပေါင်း လေယာဉ် ၈၉ စီး ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၄၈၃.၉၃ တန် ရောက်ရှိပြီး ဖြစ်ပါသည်။ အဆိုပါ ပြည်ပမှ လာရောက်သည့် ကယ်ဆယ်ရေးလေယာဉ်များအတွက် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားအင်အားဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းကလည်းကောင်း၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီကလည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် MC- Jalux Airport Services ကုမ္ပဏီကလည်းကောင်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
လေကြောင်းပို့ဆောင်ရေးကဏ္ဍအနေဖြင့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးနှင့်နေပြည်တော်လေဆိပ်များတွင် ယာယီရပ်နားခဲ့သည့် ပြည်တွင်းလေယာဉ်ခရီးစဉ်များ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး လေဆိပ်အလိုက် လေယာဉ်ပြေးလမ်းများ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ပျက်စီးမှုများပြုပြင်ခြင်း၊ လေဆိပ်အဆောက်အဦများတွင် ခရီးသည်များ ယာယီအသုံးပြုနိုင်ရန် ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းလေယာဉ်ခရီးစဉ်များကို ၄-၄-၂၀၂၅ ရက်နေ့တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း၊ ၅-၄-၂၀၂၅ ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်းကောင်း ပြန်လည်ဆင်းသက် ခွင့်ပြုခဲ့သည့်အတွက် မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း၊ မင်္ဂလာလေကြောင်း၊ အဲယားသံလွင်လေကြောင်းလိုင်းတို့မှ ခရီးစဉ်များ ပုံမှန်ပျံသန်းပေးလျက်ရှိသောကြောင့် ခရီးသွားလုပ်သားပြည်သူများ အဆင်ပြေစွာ ခရီးသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန