နေပြည်တော်၊ ဧပြီ ၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတို့မှ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို နေ့စဉ်သတင်း ထုတ်ပြန်ပေးလျက်ရှိပါသည်။
ဧရာဝတီမြစ်ကူး ကူးတို့ခရီးလမ်းအနေဖြင့် မန္တလေး(ရွှေကြက်ယက်)ဆိပ်ကမ်းနှင့် စစ်ကိုင်းဆိပ်ကမ်းတို့အကြား ပုဂ္ဂလိကပိုင်ရေယာဉ်၊တွဲရေယာဉ်များဖြင့် ကုန်တင်မော်တော်ယာဉ်ကြီးများအား မတ်လ ၃၁ ရက်နေ့မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ ဧပြီလ ၈ ရက်နေ့အထိ ကုန်တင်ယာဉ် ၁၃၂၃ စီး၊ လူစီးမော်တော်ယာဉ်ငယ် ၇၂၃ စီး တို့ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။ ယနေ့ သယ်ယူပို့ဆောင်ပေးသည့် ကုန်တင်ယာဉ်များအနက် ကယ်ဆယ်ရေးပစ္စည်းတင် ကုန်တင်ယာဉ် ၅ စီးကို အခမဲ့သယ်ဆောင်ပေးခဲ့ပါသည်။
နိုင်ငံတကာမှ လေယာဉ်များဖြင့် လာရောက်ပို့ဆောင်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ ရိက္ခာနှင့်ဆေးဝါးများ၊ ကယ်ဆယ်ရေးအဖွဲ့များကို ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ မတ်လ ၂၉ ရက်နေ့မှစတင်၍ နေ့စဉ်ဆင်းသက်လျက်ရှိရာ ယနေ့အထိ စုစုပေါင်း လေယာဉ် ၉၇ စီး ဆင်းသက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၆၀၆.၂၈၂ တန် ရောက်ရှိပြီး ဖြစ်ပါသည်။ အဆိုပါပြည်ပမှ လာရောက်သည့် ကယ်ဆယ်ရေးလေယာဉ်များအတွက် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများကို လူအင်အားစက်ယန္တရားအင်အားဖြင့် သက်ဆိုင်ရာလေဆိပ် အလိုက် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသည်။
မြေငလျင်လှုပ်ရှားမှုဖြစ်ပွားပြီးနောက် ပြည်တွင်းလေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်းခဲ့သည့် မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်များသို့ ပြည်တွင်းခရီးစဉ်များအား ဧပြီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲလျက်ရှိရာ မြန်မာအမျိုးသားလေကြောင်း၊ မန်းရတနာပုံလေကြောင်း၊ မင်္ဂလာလေကြောင်း၊ အဲယားသံလွင်လေကြောင်းလိုင်းတို့မှ ဧပြီလ ၈ ရက်နေ့ အထိ လေယာဉ်ခရီးစဉ်စုစုပေါင်း ၆၇ ခေါက် ပြေးဆွဲပေးနိုင်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန