ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မတ် ၈။
ဂျပန် နိုင်ငံအစိုးရ စီးပွားရေးနှင့်လူမှုရေးတိုးတက်ဖွံ့ဖြိုးရေးအစီအစဉ် The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန်ရေယာဉ်အသစ်ကို ရေယာဉ်တင်သင်္ဘောကြီး "M.V ISUZU (VOY.NO.034)" ပေါ်သို့ တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် ထွက်ခွာလာခဲ့ရာ အဆိုပါ ရေယာဉ်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ မတ်လ (၈)ရက်နေ့ နံနက် (၁၁၃၀)နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးဇော်ဝင်း ဉီးဆောင်သည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဌာနတို့မှ တာဝန်ရှိသူများ၊ ကျောက်ဖြူမြို့ရှိ ဌာနဆိုင်ရာများနှင့် သင်္ဘောကုမ္ပဏီမှတာဝန်ရှိ သူများက အဆိုပါရေယာဉ်ပေါ်သို့ တက်ရောက်၍ ရေယာဉ်အား ဆိပ်ကမ်းအဝင် စစ်ဆေးခြင်းနှင့် သင်္ဘောကြီးပေါ်မှ ရေချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ (၁၅၃၀)နာရီ အချိန်တွင် “ကစ္ဆပနဒီ(၃)” ကို ရေယာဉ်တင်သင်္ဘောကြီးပေါ်မှ ကောင်းမွန်စွာ ချယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယခုရောက်ရှိလာသည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို ကျောက်ဖြူဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နား၍ ဂျပန်နိုင်ငံမှ ကျွမ်းကျင် အင်္ဂျင်နီယာများက ရေယာဉ်တွင် လိုအပ်သည့် ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်း ကို မတ်လ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မတ်လ (၁၂)ရက်နေ့တွင် စမ်းသပ် မောင်းနှင်ခြင်းပြုလုပ်ပြီးနောက် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါသည်။ ဆက်လက်၍ “ကစ္ဆပနဒီ(၃)” ရေယာဉ်တွင် တာဝန်ထမ်းဆောင် ကြမည့် ရေယာဉ်ဝန်ထမ်းများကို ရေယာဉ်စနစ်တကျမောင်းနှင်နိုင်ရန် ဂျပန်ပညာရှင်များက ကျောက်ဖြူမြို့တွင် မတ်လ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ အထိ ရက်တိုသင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း နှင့် ရေယာဉ် လက်တွေ့မောင်းနှင်ခြင်းသင်တန်း ပြီးဆုံးပါက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ခုတ်မောင်း ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်။
ဂျပန်နိုင်ငံမှပေးပို့လှူဒါန်းသည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို အလူမီနီယံကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အလျား(၃၄.၇၁)မီတာ၊ အနံ(၆.၀)မီတာ၊ စောက်(၂.၇)မီတာနှင့် ရေစူး (၁.၂၆) မီတာရှိပြီး၊ ခရီးသည် (၁၅၀)ဦး နှင့် ရေယာဉ်ဝန်ထမ်း (၁၀)ဉီးတင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် (၂၀)မိုင်နှုန်း မောင်းနှင်နိုင်သည့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ဖြစ်ကြောင်းသိရသည်။